လွိုင်ကော် မတ် ၂၄
ကိုရိုနာဗိုင်းရပ်စ် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါသည် လူတစ်ဦးမှ တစ်ဦးသို့ အလွန် လျင်မြန်စွာ ကူးစက်တတ်သောရောဂါဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ကြေညာထားသောကြောင့် အဆိုပါရောဂါ ကူးစက်ခြင်းမရှိစေရန်ရည်ရွယ်၍ ကိုရိုနာဗိုင်းရပ်စ် ရောဂါ စောင့်ကြပ်စစ်ဆေး ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ် ပြည်သူ့ ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကယားပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ကိုရိုနာဗိုင်းရပ်စ် နှင့်ပတ်သက်ပြီး စောင့်ကြပ်စစ်ဆေးကာကွယ်ထိန်းချုပ်ရေး ကော်မတီဖွဲ့စည်းထားရှိမှုအခြေအနေများ၊ လေယာဉ်ကွင်း၊ ကားဂိတ်၊ ဈေး၊ ဟိုတယ်များတို့တွင် အသိပညာပေးလုပ်ငန်းများအနေဖြင့် လက်ကမ်းစာ စောင်များဖြန့်ဝေပေးခဲ့ခြင်း၊ နယ်စပ်ဂိတ်များဖြစ်သည့် ရှားတော၊ မယ်စဲ့မြို့နယ်များတွင် စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊ ပွဲလမ်းသဘင်များ၊ အခမ်းအနားများ လူစုလူဝေးများ ဖြစ်စေသည့် အရာများကို အတတ်နိုင်ဆုံး လျော့ချရန်နှင့် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး ပြည်သူလူထုအတွင်း အသိပညာပေးလုပ်ငန်းများကိုလည်း တွင်ကျယ်စွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်ပြည်သူ့ဆေးရုံအနေဖြင့် နှီးနွယ်ဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ နိုင်ငံခြားမှလာသော ဧည့်သည်များတွင် ရောဂါပိုးပါလာမည်စိုးသောကြောင့် ဟိုတယ်များတွင် စာရင်းကောက်၍ ကျန်းမာရေး ဆေးစစ်မှုများ သွားရောက်ပြုလုပ်ခဲ့ကြောင်း၊ ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ စသည့် ရောဂါဖြစ်ပွားနေသည့် နိုင်ငံမှပြန်လာသူများအား သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ စောင့်ကြည့်ခြင်းများ၊ စောင့်ကြည့်ကာလအတွင်း ဖျားနာခြင်းများဖြစ်ပေါ်ပါက အမြန်ဆုံးသတင်းပို့ပေးကြရန် ၊ ရောဂါအများအပြားဖြစ်ပွားလာပါက ချက်ခြင်းကုသပေးနိုင်ရန် ပြည်နယ်အစိုးရ၏ ပံ့ပိုးမှုဖြင့် ကျန်းမာရေးအထောက်အကူပစ္စည်းများ၊ အရေးပေါ်ဆေးကုသဆောင် များ၊ လူနာထားရှိမည် နေရာများအား ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဆရာ/မများက ဆေးရုံတက်ရောက်ကုသခံနေသည့် လူနာများတွင် လူနာစောင့် အဖြစ် အတတ်နိုင်ဆုံး တစ်ဦးထက်ပိုမစောင့်ကြရန်၊ ကိုရိုနာဗိုင်းရပ်စ် နှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိမှုများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်းနှင့် တက်ရောက်လာသူများက သိရှိလိုသည် များကို မေးကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခြင်းများဆောင်ရွက်ခဲ့ကြပြီးနောက် ရောဂါဖြစ်ပွားပါက အရေးပေါ် ဆေးကုသ ဆောင်များ၊ လူနာထားရှိမည် နေရာများအား လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သိရှိရသည်။
ထွန်းလေး(ပြန်/ဆက်)