ဇမ္ဗူသီရိ ဩဂုတ် ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ထပ်မံပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးငြိမ်းက ထောက်ပံ့ငွေပေးအပ်ရခြင်း ရည်ရွယ်ချက်၊ ထောက်ပံ့ငွေများကို အခြေခံလူတန်းစားများထံ လက်ဝယ်အရောက် အမြန်ထုတ်ပေးသွားရန်၊ ထောက်ပံ့ငွေများကို ထုတ်ပေးရာတွင် လူစုလူဝေး မဖြစ်စေရေးအတွက် လုံခြုံရေးဂရုစိုက် ဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးသွားရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်ဦး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးငြိမ်းနှင့် တာဝန်ရှိသူတို့က သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ မှတဆင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်အတွင်း ယခင်ပထမအကြိမ် ပစ္စည်းငါးမျိုးကို အိမ်ထောင်စုပေါင်း (၅၅၁၉) စုအားလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ငွေကျပ် တစ်သောင်းငါးထောင်စီအား အိမ်ထောင်စု ပေါင်း (၃၂၉၉) စုအားလည်းကောင်း၊ တတိယအကြိမ်အဖြစ် ငွေကျပ်နှစ်သောင်းစီအား အိမ်ထောင်စုပေါင်း (၈၈၁၈) စုအတွက် ပေးအပ်ခဲ့ပြီးဖြစ်ရာ ယခုအခါ တစ်အိမ်ထောင်လျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် အိမ်ထောင် စုပေါင်း (၈၈၁၈)စုအတွက် စုစုပေါင်းငွေကျပ် (၁၇၆၃၆၀၀၀၀)ကို ထပ်မံထောက်ပံ့ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)