မုဒုံမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ (COVID-19) ရောဂါကာကွယ်ရေး လုပ်ငန်းများညှိနှိုင်းအစည်းအဝေးဆောင်ရွက်

မုဒုံ      မတ်      ၂၁

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင်  (COVID-19)ရောဂါ ကူးစက်ပျံနှံ့မှု မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီက မုဒုံမြို့ ၊မြို့မ(၃)ရပ်ကွက်ရှိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ပြုလုပ်သည်။

အဆိုပါ အစည်းအဝေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်ဇော်ဦး၊  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူး ဦးစိုးမင်းလတ်တို့က ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာမြင့်သိန်းဦးက မြို့နယ်ပြည်သူ့ဆေးရုံအနေဖြင့် (COVID-19)ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်စီမံဆောင်ရွက်မှုများ၊ အစုလိုက် ကာကွယ်ခြင်း၊ တစ်ဦးချင်းကာကွယ်ခြင်း လုပ်ငန်းများ၊ ကာကွယ်ရေးပစ္စည်းများထားရှိနိုင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဌာန ဆိုင်ရာများက ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်သွားပေးရန် ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် မြို့မိ၊မြို့ဖများနှင့်တက်ရောက်လာသူ(၂၀)ဦးတို့မှ မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီးနောက် (COVID-19)ရောဂါ ကြိုတင် ကာကွယ်ပြင်ဆင် ရေး လုပ်ငန်းများအတွက် အလှူရှင်များ လိုအပ်ကြောင်း အကြံပြု ဆွေးနွေးတင်ပြကြောင်းသိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)