ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဆိုင်ရာ လုပ်ငန်းများနှင့် ပညာပေး လုပ်ငန်းတို့တွင် ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဆုတံဆိပ်များပေးအပ်ချီးမြှင့်

ပေါင်းတည် ဩဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲမှ ကိုဗစ်−၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်းများနှင့် ပညာပေးလုပ်ငန်းတို့တွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သည့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဝရတ်အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းနာယက မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်က မုဒိတာ စကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်က ဂုဏ်ပြု အမှာစကား ချီးမြှင့်ပြောကြားသည်။

ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းနာယက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်နှင့် တာဝန်ရှိသူများက မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကိုဗစ်−၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ လုပ်ငန်းများနှင့် ပညာပေးရေး လုပ်ငန်းတို့တွင် စွမ်းစွမ်းတမံ ပါဝင် ကူညီ ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီ တပ်ဖွဲ့ဝင် အမျိုးသား(၂၄)ဦးနှင့် တပ်ဖွဲ့ဝင် အမျိုးသမီး (၁၀)ဦး စုစုပေါင်း တပ်ဖွဲ့ဝင်(၃၄)ဦးတို့အား အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လက်မှတ်ရေးထိုးပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းလွှာ ရင်ထိုးတံဆိပ်နှင့်ဆုတံဆိပ်တို့အား အသီးသီးပေးအပ် ချီးမြှင့် ခဲ့ကြသည်။ ဆက်လက်၍ အလှူငွေပေးအပ်ပွဲကို ကျင်းပရာ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ကြီး သက်ဝင်းအောင်(ငြိမ်း)က အသင်းရံပုံငွေအတွက် အလှူငွေငါးသောင်းကျပ်အား မြို့နယ်ကြက်ခြေနီ အသင်း တပ်ရင်းမှူး ဦးကြည်ထွန်းထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး တက်ရောက်သူ ဂုဏ်ပြုခံတပ်ဖွဲ့ဝင်များ၏ ကိုယ်စား တပ်ဖွဲ့ဝင်တစ်ဦးက ကျေးဇူးစကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရှိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)