ဒီးမော့ဆိုမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော လယ်ယာကုန်ထုတ်လမ်းနှင့် ရေပေးဝေရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဒီးမော့ဆို မတ် ၁၆

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အချိန်မီ ပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းအတိုင်း ပြည့်မီစွာဆောင်ရွက်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက  ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းချစ်(နည်းပညာ)၊ ခရိုင်ဦးစီးမှူး ဦးသောင်းမြင့် နှင့်အတူ မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်နှင့် ဝန်ထမ်းများ၊ လုပ်ငန်းများ တာဝန်ယူဆောင်ရွက်နေသော ကုမ္ပဏီမှ တာဝန်ရှိသူများ လိုက်ပါ၍ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ဒေါငံခါး ကျေးရွာ လယ်ယာ ကုန်ထုတ်လမ်း၊ အို့ခူးရီးကျေးရွာ လယ်ယာကုန်ထုတ်လမ်းနှင့် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ယူဆမိုဆိုကျေးရွာ လယ်ယာကုန်ထုတ်လမ်း တို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဦးစီးမှူးက ကျေးရွာလယ်ယာကုန်ထုတ်လမ်းများသည် ကျေးရွာပြည်သူ လူထုများ၏ သီးနှံများစျေးကွက်သို့ အချိန်မီ သယ်ယူနိုင်ရန်အတွက် အရေးပါသောလမ်း ဖြစ်သည့်အတွက် လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် သတ်မှတ် စံချိန်စံညွှန်းအတိုင်း ပြည့်မီစွာ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုရန်ပုံငွေကျပ် ၁၃၁ ဒသမ ၁၉ သန်းဖြင့် ဆောင်ဒူလာနှင့် ဆီးသင့်ကုန်း ကျေးရွာရေရရှိရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး အဆိုပါလုပ်ငန်းတွင် ရေစက်ရုံ ၊ (7.5 HP) motor + (၄)ထပ်ပန့် တပ်ဆင်ခြင်း၊ (100 KVA)  Transformer နှင့် ဆက်စပ်ပစ္စည်းများတပ်ဆင်ခြင်း၊ ဂါလံ ၁၀၀၀၀ ဆံ့ နှင့် ၅၀၀၀ ဆံ့ အုတ်ရေကန်၊ ရေတင်ပိုက်၊ ကျေးရွာအတွင်း ရေဖြန့်ပိုက်နှင့် ဂါလံ ၁၀၀၀၀ ဆံ့ အုတ်ရေကန်အား ခြံစည်းရိုး ကာရံခြင်း ပါဝင်ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုရန်ပုံငွေကျပ် ၄၄ ဒသမ ၀၈ သန်းဖြင့် ရေစက်ရုံ တည်ဆောက်ခြင်း၊ (15 HP) အင်ဂျင်ပန့် တပ်ဆင်ခြင်း၊ ရေပိုက်သွယ်တန်းခြင်းနှင့် ဂါလံ ၃၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်း ပါဝင်သော တေးဂေခိုနှင့် စီစန်းခိုကျေးရွာ ရေရရှိရေးလုပ်ငန်းများကို ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)