ကသာ ဩဂုတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ မဲပေးခွင့်မဆုံးရှုံးစေရေးနှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကသာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဖေသိန်းက ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေး ကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ မဲပေးခွင့် မဆုံးရှုံး စေရေး၊ မဲစာရင်းတွင် ပါရှိရေး၊ မဲစာရင်းမှန်ကန်စေရေးနှင့် ဒုတိယအကြိမ်မဲစာရင်း ကြေညာကပ်ထားခြင်း၌ မဲစာရင်းများ မှားယွင်းမှုနည်းပါးစေရန်တို့ အတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုင်းသန်းနိုင်က ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထား ကြေညာခြင်းမပြုမီ ၂၀၂၀ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် အဖွဲ့ဝင်များ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ထပ်ဆင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူ များက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း၊ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ နှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်ဆိုင်ရာ သင်တန်းများကို လာမည့်စက်တင်ဘာလတွင် သင်တန်းပို့ချ သွားမည်ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ရဲအောင်(ပြန်/ဆက်)