မော်ချီးဒေသ သတ္တုလုပ်ငန်းရှင်များနှင့်ဒေသခံပြည်သူများတွေ့ဆုံပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည့် အခမ်းအနားကျင်းပ

ဖားဆောင်း မတ် ၁၂

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသသတ္တုလုပ်ငန်းများ ဆောင်ရွက်သောလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲနှင့် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ ပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီ အချိန်က မော်ချီးသတ္တုတွင်းစီမံကိန်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ဘောလခဲခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၂)သတ္တုတွင်းလုပ်ငန်း ပြည်နယ်အထွေထွေမန်နေဂျာ ဦးခင်မောင်ဆွေက သတ္တုတွင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးက ပြည်နယ်ဝန်ကြီးချုပ်ခရီးစဉ် လမ်းညွှန်မှာကြားချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည့် လုပ်ငန်းဆိုင်ရာများကို လည်းကောင်း ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စိုးက မှုခင်းကျဆင်းရေး အသိပညာပေး အကြောင်းအရာများကို လည်းကောင်း၊ (KMPC) ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးညွှန့်ဦးက သတ္တုတူးဖော်ခြင်း လုပ်ငန်းဆိုင်ရာများကို လည်းကောင်း အသီးသီးဆွေးနွေးကာ တက်ရောက်လာသည့် ဒေသခံပြည်သူများမှ တင်ပြချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ မော်ချီးဒေသ လိုခါးလိုကျေးရွာ ခန်းမဆောင်အတွက် လိုအပ်သည်များကို ကူညီပံ့ပိုးပေးကြသူများကို ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ဘောလခဲခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဘောလခဲခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့် ခရိုင်အဆင့်တာဝန်ရှိဌာနဆိုင်ရာများ၊ ဖားဆောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စိုးနှင့်မြို့နယ်အဆင့်တာဝန်ရှိဌာနဆိုင်ရာများ၊ သတ္တုတွင်းလုပ်ငန်းတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၂၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နန်းသဲနုအောင်(ပြန်/ဆက်)