ရေးမြို့နယ်တွင် နွေရာသီ အခြေခံအားကစားနည်း သင်တန်းဖွင့်ပွဲပြုလုပ်

ရေး မတ် ၁၀

မွန်ပြည်နယ် ရေးမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးကော်မတီနှင့် မြို့နယ်အားကစား နှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သော နွေရာသီအခြေခံ အားကစားနည်း သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အားကစားရုံ၌ ပြုလုပ်ခဲ့သည်။

အားကစားနည်းသင်တန်းဖွင့်ပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် မြို့နယ်ပညာရေးမှူးဦးမင်းဌေးဦးတို့က အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်သဉ္ဇာစိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အမှတ်(၄)အခြေခံပညာ မူလတန်းလွန် ကျောင်းမှ ကျောင်းသား/ကျောင်းသူများက ပန်းပွားအကနှင့် ဝူရှူးကစားနည်းသရုပ်ပြခြင်း၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူလေးများက အေရိုးဗစ်ဖြင့် သရုပ်ပြခြင်းများ ပြုလုပ်ကြသည်။

ယနေ့ဖွင့်လှစ်သော အားကစားနည်းသင်တန်း(၉)မျိုးကို မြို့နယ်အားကစားရုံ၊ မြို့မအားကစားကွင်းနှင့် အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းတို့တွင် မတ်လ(၁၀)ရက်နေ့မှ ဧပြီ (၉) ရက်နေ့အထိ အားကစားနည်းအလိုက် နံနက်/ညနေ အချိန်ခွဲ၍ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အောင်ဖြိုး(ပြန်/ဆက်)