ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဘီးလင်း မတ် ၁၀

ဘီးလင်းမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှထွဋ်က အဖွင့်အမှာစကားပြောကြားပြီး ဘီးလင်းမြို့နယ် အခွင့်အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူးကိုယ်စား သထုံခရိုင်၊ လူမှုဝန်ထမ်းရုံး၊ ခရိုင်ဦးစီးမှူး ဦးစိုးလွင်က ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ဘီးလင်းမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်လေး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာအိအိကျော်၊ World Vision မှ ကလေးသူငယ် ကာကွယ်စောင့်ရှောက် ရေး နည်းပညာပေးတာဝန်ခံ နော်မာသော၊ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဝင် ဒေါ်တင်နီလာဝင်းတို့ကို ကလေးသူငယ်အခွင့်အရေးများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းပြောကြားကြသည်။ ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသည့်အကြောင်း အရာများကို တင်ပြဆွေးနွေးကြရာ တာဝန်ရှိသူအသီးသီးတို့က ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ထူးနောင်(ပြန်ဆက်)