ကျိုက်မရော မတ် ၁၀
မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်(UNDP)တို့ပူးပေါင်းပါဝင်သော မြို့နယ် စီမံကိန်းရေးဆွဲခြင်းအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရွှေဟင်္သာ) ခန်းမ၌ ကျင်းပပြုလုပ်သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသည် တတိယအကြိမ်ကျင်းပသော ဆွေးနွေးပွဲဖြစ်ကြောင်း ပထမအကြိမ်နှင့် ဒုတိယအကြိမ် ဆွေးနွေးပွဲရလဒ်များကို ပြန်လည်သုံးသပ်ပြီး ဆက်လက်ဆောင်ရွက် ရမည့် စီမံကိန်းလျာထားချက်များအပေါ် အကောင်အထည်ဖော် ဆောင်သွားရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် (UNDP) ကျိုက်မရောမြို့နယ်တာဝန်ခံ ဒေါ်မာရီယာက ၂၀၂၀-၂၀၂၁ မြို့နယ်ဖွံ့ဖြိုးမှုအထောက်အပံ့ရန်ပုံငွေများနှင့် UNDP ၏ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသူများ၏ တင်ပြဆွေးနွေးချက်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများက ပြန်လည်ဆွေးနွေးပေးခဲ့ကြသည်။ ယနေ့ပြုလုပ်သော တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူးများ ဒေသခံ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့များ၊ အမျိုးသမီးဆယ်အိမ်မှူးများ၊ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)