ပေါင်၊ မတ်၊ ၉
မွန်ပြည်နယ် ပေါင်မြို့နယ် သဲကုန်းကျေးရွာ ဘုန်းကြီးလမ်းတွင် ယမန်နေ့ နေ့လယ် ၁၁ နာရီကျော်ခန့်က နေအိမ်မီးဖိုချောင်အတွင်း ပုဇွန်အိုးပြုတ်ထားခဲ့ပြီး နေအိမ်အိပ်ခန်းအတွင်းအိပ်ပျော်နေစဉ် ယင်းထင်းမီးဖိုချောင်မှတဆင့် အိမ်ထရံအား မီးကူးစက်လောင်ကျွမ်းခဲ့ရာမှ အနီးရှိ နေအိမ်(၁၆)လုံးတို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
“ထင်းမီးဖိုးနဲ့ ပုဇွန်ပြုတ်ထားပြီး အိပ်ပျော်သွားတော့ အနီးမှာရှိတဲ့ ထရံကို မီးကူးစက်ပြီး စတင်လောင်တယ်၊ အဲဒီကနေတဆင့် အခြားအနီးက နေအိမ် ၁၆လုံးကို မီးကူးစက်ပြီး လောင်ကျွမ်းသွားတယ်၊ နေအိမ်မီးလောင်သွားတဲ့ မိသားစုဝင်တွေထဲက ဒီနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုမဲ့ ကျောင်းသားတစ်ဦးရဲ့ နေအိမ်လည်းပါသွားတယ်၊ စာမေးပွဲလည်း ဖြေတော့မှာဆိုတော့ သူ့အတွက် လိုအပ်တဲ့ ကိစ္စကိုတော့ ပညာရေးဌာနနဲ့ တာဝန်ရှိသူတွေက ကူညီဆောင်ရွက်ပေးနေပါတယ်။ ” ဟု မြို့နယ်မီးသတ်ဦးစီးမှူး ဦးငြိမ်းကိုကိုဦး က ပြောသည်။
နေအိမ် မီးကူးစက် လောင်ကျွမ်းရာသို့ ကျေးရွာနေပြည်သူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များတို့က ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၁၂ နာရီခွဲခန့်၌ မီးငြိမ်းနိုင်ခဲ့ ပြီး မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။
ကိုဟိန်း(ပေါင်)