မယ်စဲ့မြို့တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုအားကောင်းလာစေရေး ညှိနှိုင်းဆွေးနွေး

မယ်စဲ့ မတ် ၅

ပြည်သူထူထုမှပူးပေါင်းပါဝင်ဆောင်ရွက်လာခြင်းဖြင့် ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုဖြစ်လာစေရန် ရည်ရွယ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ အပြည်ပြည်ဆိုင်ရာအကူအညီပေးရေးအဖွဲ့ (IRC) ၏ ထောက်ပံ့မှုဖြင့် မြို့နယ်ဆေးရုံအထောက်အကူပြုအဖွဲ့နှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုအားကောင်းလာစေရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်၁၀နာရီက မယ်စဲ့မြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ထွန်းက မြို့နယ်ကျန်းမာရေးအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကျန်းမာရေးမှူး ဦးကျော်ခိုင်က ၂၀၁၉ ခုနှစ်အတွင် ဖြတ်သန်းခဲ့ရသည့် ကျန်းမာရေးအခြေအနေနှင့် လုပ်ငန်းစဉ်များ၊ တွေ့ကြုံရသည့်ပြဿနာများ၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များကို ပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းလင်းတင်ပြပြီး အပြည်ပြည်ဆိုင်ရာအကူအညီပေးရေးအဖွဲ့ (IRC)မှ ယာယီစီမံချက်မန်နေဂျာ ဦးမင်းသူရိန်က IRC ၏ Acess To Health Project နှင့်ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပါဝင်ကူညီပံ့ပိုးပေးနေမှုအခြေအနေများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်ဆေးရုံအထောက်အကူပြုအဖွဲ့ဝင်များမှ အကြံပြုဆွေးနွေးကြရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ထွန်းက ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)