မော်လမြိုင်၌ ပြည်သူ့စကားဝိုင်း ကျင်းပ

မော်လမြိုင်      မတ်     ၃

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း ကျင်းပသော “ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါအသိပညာပေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မော်လမြိုင်မြို့ သီရိမင်္ဂလာရပ်ကွက်ဓမ္မာရုံ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က အဖွင့်အမှာစကား ပြောကြားပြီး မွန်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းနွယ်က ပြည်သူ့စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယပြည်နယ်မှူး ဒေါက်တာဝတ်မှုံ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာမျိုးဇာနည်ဦးနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဒေါ်တင်ရီတို့က ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့်နည်းလမ်းများ၊  အသိပညာပေးလုပ်ငန်းများနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို ဆွေးနွေးကြပြီး တက်ရောက်လာသော ရပ်ကွက်နေပြည်သူများမှ သိရှိလိုသည်များနှင့် မရှင်းလင်းသည်များအား မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားခဲ့သည်။

အဆိုပါ ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲသို့ ရပ်ကွက်နေပြည်သူ စုစုပေါင်း(၂၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝေလင်း(ပြန်/ဆက်)