သထုံ မတ် ၁
မွန်ပြည်နယ်၊ သထုံမြို့ပေါ်ရှိ ဆရာတော် သံဃာတော်များနှင့် သီလရှင်များကို ဆွစ်ဇာလန်နိုင်ငံအခြေစိုက် One Dollar Glasses အဖွဲ့မှ မျက်စိအထူးကု ဆရာဝန်ကြီးများနှင့် သမားတော်ကြီးများက သထုံမြို့ မြသပိတ်တောင်ခြေရှိ သဒ္ဓမဇောတိကာရာမကျောင်းတိုက်၌ ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှ စတင်ကာ နှစ်ရက်ကြာ မျက်စိစမ်းသပ်စစ်ဆေးခွဲစိပ်ပေးခြင်းနှင့် မျက်မှန်များပြုလုပ်ပေးခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အခမဲ့စမ်းသပ်ကုသခြင်းကို သထုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ်တို့၏ ဦးဆောင်မှုဖြင့် သထုံခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ သင်းသင်းအိနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံ ဆရာဝန်များ အသင်း(သထုံ)မှ ဒေါက်တာပြုံးချိုနှင့် အဖွဲ့ဝင်များက အထွေထွေကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် သထုံမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့က လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်ဦး(သထုံ)