အမြို့မြို့အနယ်နယ်သတင်းများ

Aug 29,2020
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပုလောမြို့နယ်၊ ဘေးန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ​ဒေါ်စောမြနွယ်နှင့် ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် လက္ကူးကျေးရွာမှ ဖေးမကူညီ တွဲလက်များ၊ ပရဟိတအသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ (ဒုတိယလှိုင်း) အသက်ရှှူ လမ်းကြောင်းဆိုင်ရာ ကူးစက်မှု ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ယမန်နေ့ နံနက်(၈)နာရီက ပုလောမြို့နယ် ရှပ်ပုံကျေးရွာ၌ အသိပညာပေး လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရှိရသည်။
Aug 29,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ ရွှေစေတီကျောင်းဆရာတော် ဦးတေဇဝံသ အမှူးပြုသော ပုညကာရီ ပရဟိတအသင်းအဖွဲ့မှ ညောင်ဦးမြို့နယ် ချောင်းရှည်ကျေးရွာရှိ ခိုကိုးရာမဲ့ မသန်စွမ်း အဘိုးအဘွားများအတွက် ယမန်နေ့ ညနေပိုင်းက ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီနှင့် ကြက်ဉများ ဒါနပြု လိုက်လံပေးဝေလှူဒါန်းခဲ့ကြောင်း ပုညကာရီပရဟိတအသင်းထံမှ သိရသည်။
Aug 29,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် MAM (Medical Action Myanmar) တို့ ပူးပေါင်း၍ ကျင်းပသောအာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် ပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀) နာရီက ကျင်းပခဲ့သည်။
Aug 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ချင်းတွင်းမြစ်မြောက်ဘက်ခြမ်း ဝင်မနား- တောင်ပြင် လမ်းမပေါ်၌ ​ကျော်ဇင်လင်း(ခ)ငလင်း မောင်းနှင်လာသော ယာဉ်အမှတ် MDY 6B/7742 condor (ကုန်ကား)(၆) ဘီးအဖြူရောင် မော်တော်ကားသည် အရှိန်မထိန်းနိုင်ဘဲ ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က တိမ်း​မှောက်ခဲ့ရာ ၎င်းယာဉ်ပေါ် ပါရှိလာသော ဦးခင်မောင်မြင့်၊ ဦးမြို့အောင်၊ ဒေါ်မှတ်ပိုတို့(၃)ဦးနှင့် ကလေးငယ်(၄)နှစ်သား ကျားတစ်ဦးတို့မှာ ဝင်မနားတိုက်နယ်ဆေးရုံတွင် သေဆုံးခဲ့ပါကြောင်းနှင့် ဒဏ်ရာရရှိသူ(၁၀)ဦးဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးမှ သိရသည်။
Aug 29,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လက်ရှိ ဆောင်ရွက်လျက်ရှိသည့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးနှင့် ကျန်ရှိမှုမရှိစေရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်း ကြိုတင်ဆောင်ရွက်ကြရ မည့် ကိစ္စရပ်များနှင့် လိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 29,2020
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် တိရစ္ဆာန်များ ကူးစက် ရောဂါ မဖြစ်ပွားစေရေး ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ဝါဘန်းပလို့ကျေးရွာအုပ်စု ပဆေးလာကျေးရွာ၌ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နော်ရီစေးဘာနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Aug 29,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်မြို့၌ ကူးစက်ရောဂါကာကွယ်ရေးအတွက် အပြင်ထွက်လျှင် နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အထကောင်း ရရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Mask Campaign အား အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီက High Class ကားဂိတ်ရှေ့၊ ထီးလင်း-ကျောက်ထုသွား ကားလမ်းဆုံ၊ မြန်မာ့စီးပွားရေးဘဏ်ရုံးရှေ့တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။