မိုးညှင်း ဇွန် ၃၀
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ကြီးမှူးကျင်းပသော မိုးညှင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား တိုင်းရင်းသားပေါင်းစုံ မိုးရာသီဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီခွဲက မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ အားကစားကွင်းအတွင်းသို့ ဘင်ခရာတပ်ဖွဲ့ဦးဆောင်မှုနှင့် အတူ ပြိုင်ပွဲဝင်အားကစား သမားများမှ ကွင်းအတွင်း ဝင်ရောက်နေရာယူကြကာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးတင့်က အဖွင့်မိန့်ခွန်းစကား ပြောကြားပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။
ဆက်လက်၍ အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ကို သံပြိုင်ရွတ်ဆိုကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံတွေ့ဆုံ အားပေးစကားပြောကြားကာ ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
ထို့နောက် ဖျော်ဖြေရေးအစီအစဉ်ဖြစ်သည့် တိုင်းရင်းသားရိုးရာအဖွဲ့မှ အကအလှများဖြင့် ကပြဖျော်ဖြေကြပြီး ပြိုင်ပွဲများအား ဆက်လက်ယှဉ်ပြိုင်ကစားကြ၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူများမှ အေးချမ်းပျော်ရွှင်စွာ အားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို ဇွန် (၃၀) ရက်မှ ဇူလိုင် (၁၁) ရက်အထိ စုစုပေါင်းအသင်း (၁၀) သင်းမှ အုပ်စုအသင်းပတ်လည်ဖြင့် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း