ကျောင်းသားလူငယ်များ အစားအသောက်နှင့် ပတ်သက်၍ ဘေးအန္တရာယ်ကင်းဝေးစေရန် ကျောင်းမုန့်စျေးတန်းအား တာဝန်ရှိသူများကွင်းဆင်း စစ်ဆေး

ရွှေသောင်ယံ ဇွန် ၃၀

ကျောင်းသား၊ ကျောင်းသူလူငယ်များ ကျန်းမာရးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသောက်ဖွယ်ရာများကို စားသုံးနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်းအဖွဲ့သည် အ.ထ.က (ရွှေသောင်ယံ) ကျောင်းသို့ သွားရောက်ကာကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သိန်းနှင့် ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းကော်မတီများ၊ ဆရာ၊ ဆရာမများ ပူပေါင်းအဖွဲ့မှ ကျောင်းစျေးတန်းတွင်ရောင်းချနေသော မုန့်ဆိုင်များတွင် တားမြစ်ဆိုးဆေးများနှင့် သက်တန်းလွန်မုန့်များ ရောင်းချခြင်း ရှိ မရှိ၊ ယင်ကောင်မနားစေရန်နှင့် ဖုန်မှုန့်များမဝင်စေရန် စနစ်တကျဖုန်းအုပ်၍ ရောင်းချခြင်းရှိ မရှိ၊ မုန့်ရောင်းချသူများ၏ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုရှိ၊ မရှိ၊ စသည်တို့ကို အဓိကထားကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့ပြင်ကျောင်းသား၊  ကျောင်းသူ လူငယ်များအတွက် အာဟာရမဖြစ်စေသော ကျန်းမာရေး ထိခိုက်စေနိုင်သော ဓာတုဆိုးဆေးများပါသည့်   မုန့်များ၊ သန့်ရှင်းမှုမရှိသည့် အစားအစာများမရောင်းချကြရန် ကျောင်းစျေးသည်များအား မှာကြားခဲ့ကြကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)