ကပ်ရောဂါကို တစ်ဆင့်ချင်းကာကွယ်နိုင်တော့မည်
မြန်မာ့အလင်းအယ်ဒီတာအာဘော်
နှစ်ဦးကာလအတွက် သတင်းကောင်းမှာ ယနေ့ဆိုလျှင် မြန်မာနိုင်ငံ အတွက် ကာကွယ်ဆေး တစ်သန်းခွဲရောက်ရှိလာမည်ဖြစ်ပါသည်။ လူတစ်ဦးအတွက် ဆေးနှစ်ကြိမ်ထိုးရမည်ဖြစ်သောကြောင့် လူခုနစ်သိန်း ခွဲကို စတင်ထိုးနှံပေးနိုင်တော့မည်ဟု သိရပါသည်။
ကာကွယ်ဆေး ထုတ်လုပ်နိုင်မှုနှင့် ထိုးရန် လိုအပ်သည့် အရေ အတွက်မှာ မမျှမတ ဖြစ်နေသောကြောင့် လူတိုင်းကို တစ်ခါတည်း ထိုးနိုင်ဦးမည် မဟုတ်ဘဲ၊ နိုင်ငံတိုင်းတွင် ဦးစားပေးအစီအစဉ်များ ရေးဆွဲကာ အလှည့်ကျစနစ်ကို စီစဉ်နေရပါသည်။