မကြာမီကာလတွင် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း (စာပေဗိမာန်) ကို ပြည်သူလူထုအား အသိဉာဏ် မြှင့်တင်ပေးနိုင်မည့် စာပေဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ ပိုမို သွက်လက်စွာနှင့် ပိုမိုလွတ်လပ်စွာ ဆောင်ရွက်နိုင်ရေးအတွက် အသွင်ပြောင်းလဲရန် လျာထားဆောင်ရွက်လျက်ရှိပါသည်။
စာ ပေဗိမာန်ကို အသွင်ပြောင်းလဲ ဖွဲ့စည်းရာတွင် ပထမဦးဆုံးအဆင့်အနေဖြင့် စာပေပညာရှင်များ၊ ဥပဒေပညာရှင်များ ပါဝင်သည့် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း (စာပေဗိမာန်) ၏ ကိုယ်ပိုင်ဥပဒေ ရေးဆွဲရေးအဖွဲ့ အစည်းအဝေးကို ၇-၇-၂၀၁၃ နေ့တွင် ကုန်သည်လမ်း စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
ယင်းအစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးမြင့်က မြန်မာစာပေ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး တစ်ချိန်က လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သည့် စာပေဗိမာန်သည် ခေတ်ကာလများ ရွေ့လျောလာပြီး လုပ်ငန်းစဉ်များလည်း ကျဆင်းခဲ့ကြောင်း၊ ယခု ဒီမိုကရေစီ အစိုးရသစ်ခေတ်တွင် ယင်းအစဉ်အလာကောင်းများကို ပြန်လည်မြှင့်တင် ဆောင်ရွက်ရန် ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ် အစီအမံများကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကတစ်ဆင့် နိုင်ငံတော်သမ္မတကြီးထံ တင်ပြထားပြီးဖြစ်ပါကြောင်း၊ စာပေဗိမာန်သမိုင်းကို ပြန်လေ့လာသောအခါ ယခင်က မိမိကိုယ်ပိုင် ရပ်တည်ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်း (Autonomous Body) ဖြစ်သဖြင့် ယခု အသွင်ပြောင်းလဲမှုတွင် Semi-Government အဖွဲ့အစည်းအဖြစ် အစိုးရနှင့် ပုဂ္ဂလိကများက ပါဝင်ကူညီလျက် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ပညာရှင်များက ဥပဒေ ရေးဆွဲရာတွင် ဌာနဖွဲ့စည်းပုံ၊ ဝန်ထမ်းရေးရာကိစ္စများသာမက စာပေဗိမာန်၏ အနာဂတ် လုပ်ငန်းစဉ်တွင် ဒီဂျစ်တယ်ခေတ်အရ ပြောင်းလဲ ဖွံ့ဖြိုးလာမည့် e-Media ကဏ္ဍ ပါဝင်နိုင်ရန်၊ နိုင်ငံတော်၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းစဉ်တွင် စာပေအသိပညာကဏ္ဍဖြင့် ပါဝင်မြှင့်တင် ဆောင်ရွက်နိုင်ရန်တို့ကိုလည်း ထည့်သွင်း စဉ်းစားပေးပါရန် ပြည်ထောင်စုဝန်ကြီးက အမှာအကြား ရှိပါကြောင်း စာပေဗိမာန် ရှင်သန်နိုးထရေးလုပ်ငန်းတွင် ပါဝင်ကူညီ အားဖြည့်ကြမည့် စာပေပညာရှင်ကြီးများ၊ ဥပဒေပညာရှင်ကြီးများကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြားခဲ့ပါသည်။
ယင်းအစည်းအဝေးသို့ ဒေါက်တာဦးသော်ကောင်း၊ ဦးစံလွင် (တောင်ခိုး)၊ ဦးအေးချို (မဟာဝိဇ္ဇာ)၊ ဒေါက်တာဦးခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဦးဟန်ညွန့် (ဦးဟန်ညွန့်-ဥပဒေ)၊ ဦးဝင်းမောင် (မင်းယုဝေ)၊ ဦးမောင်မောင် (ကြည်ရွှန်း)၊ ဦးမျိုးအောင် (ပြည့်စုံစာပေ)၊ ဦးမောင်လှိုင် (မောင်ဆွေငယ်) စသည့် စာပေပညာရှင်၊ ဥပဒေပညာရှင်ကြီးများ တက်ရောက်ကြပြီး စာပေဗိမာန်အဖွဲ့ ကိုယ်ပိုင်ရပ်တည်ရေး ဥပဒေတွင် ပါဝင်သင့်သည့် ဥပဒေပြုရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အစီအမံများကို စိတ်ဝင်တစား အကြံပြုခဲ့ကြကြောင်း သိရှိရသည်။
သို့ဖြစ်၍ စာပေဗိမာန် ကိုယ်ပိုင်ရပ်တည်နိုင်ရေးအတွက် ဆောင်ရွက်သင့်သည့် အစီအမံများအပေါ် Web Site တွင်ဖြစ်စေ၊ စာရေးသား၍ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ အကြံပြုနိုင်ကြပါရန် မေတ္တာရပ်ခံထားကြောင်းနှင့် ဆက်သွယ်ရန် လိပ်စာများမှာ အောက်ပါအတိုင်းဖြစ်ကြောင်း အသိပေးအပ်ပါသည်-
(က) www.moi.gov.mm/ppe
(ခ) www.moiforum.gov.mm
(ဂ) အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ စာပေဗိမာန်ရုံး။
(ဃ) စာတည်းမှူး (ဖုန်း ၀၁-၃၇၄၅၃၂)၊ ဘာသာပြန်ဌာန (ဖုန်း ၀၁-၃၈၇၇၂၄)၊ စီမံရေးရာဌာန (ဖုန်း ၀၁-၃၈၁၄၄၉)။