ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်သည် မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်စာအုပ်များကို နှစ်စဉ်ပြုစုထုတ်ဝေလျက်ရှိရာ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၅) ပြုစုထုတ်ဝေနိုင်ရေးအတွက် မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ အစည်းအဝေးကို ၂၀-၃-၂၀၂၅ (ကြာသပတေးနေ့) မွန်းလွဲ ၂ : ၀၀ နာရီတွင် စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးကို အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပခဲ့ပြီး မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာကြီးဒေါက်တာမောင်သင်း (မောင်သင်း-သပြေ) က အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ အတွင်းရေးမှူး စာတည်းမှူးချုပ်ဦးတိုးကျော်က မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ် (၂၀၂၅) နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ယင်းနောက် တက်ရောက်လာကြသည့် မြန်မာ့ရည်ညွှန်းကျမ်းအဖွဲ့ဝင် ဆရာကြီး ဆရာမကြီးများက မြန်မာ့ရည်ညွှန်းကျမ်းနှင့်ပတ်သက်၍ လိုအပ်သည်များကို အကြံပြုဆွေးနွေးပေးခဲ့ကြသည်။ ထို့နောက် မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာကြီးဒေါက်တာမောင်သင်း (မောင်သင်း-သပြေ) က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို မွန်းလွဲ ၃ : ၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။