၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ် ရွေးချယ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ သက်ဆိုင်ရာဘာသာရပ်အလိုက် ပဏာမအဆင့် အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၈ ရက် မွန်းလွဲ ၁ : ၃၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ သက်ဆိုင်ရာဘာသာရပ် စိစစ်ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးမောင်မောင်လတ် (နောင်)၊ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဦးစိန်လှိုင် (သူရဇော်)၊ ဦးဇော်မင်းဦး (ဇော်မင်းမင်းဦး)၊ ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)၊ ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပေးပို့လာသည့် ၂၀၂၁ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော သက်ဆိုင်ရာ ဘာသာရပ် စာအုပ်များကို ပဏာမအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့်အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်သွားမည်ဟု သတင်းရရှိသည်။