၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုချီးမြှင့်ပွဲ အခမ်းအနားကို (၄-၁၂-၂၀၂၁) ရက်၊ စာဆိုတော်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ မြဝတီမီဒီယာစင်တာ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဆုများချီးမြှင့် ပေးအပ်သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ကောင်စီတွဲဖက်အတွဲရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ ၂၀၂၀ ပြည့်နှစ် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိသူများ၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ထို့နောက် တစ်သက်တာစာပေဆုရရှိသူများနှင့် အမျိုးသားစာပေဆုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်းကောင်း၊ အမျိုးသားစာပေဆုများကို မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်တို့ကလည်းကောင်း၊ စာပေဗိမာန်စာမူဆုများကို ပြန်ကြားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးမောင်မောင်အုန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံတို့က ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ဆုရရှိသူများကိုယ်စား အမျိုးသားစာပေတစ်သက်တာဆုရှင် ဆရာကြီးဦးစိန်လှိုင် (သူရဇော်) ကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ဆုချီးမြှင့်သူ အကြီးအကဲများနှင့် အမျိုးသားစာပေ တစ်သက်တာဆုရပုဂ္ဂိုလ်များ၊ အမျိုးသား စာပေဆုရ ပုဂ္ဂိုလ်များနှင့် စာပေဗိမာန်စာမူဆုရရှိသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။