ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၂)၌ ကျားသောင်းကျန်းကြီးကို အမိဖမ်းပေးနိုင်သော ဖိုးချွန်းနှင့် ဆရာတပည့်အကြောင်းကို တင်ဆက်ထားသည့် “ဖိုးချွန်း၊ ဝိတ်ပေါနှင့် ကျားသောင်းကျန်း” မျက်နှာဖုံး ကာတွန်း၊ ပီဇာစားချင်သော ဆန္ဒပြည့်ခဲ့သော ပိစိအကြောင်းကို သရုပ်ဖော်ထားသည့် “ပိစိ” နှစ် မျက်နှာကာတွန်း၊ သက်ကယ်ပင်များသည် မည်သည့်နေရာတွင် ရှိသည်ကို ဖော်ပြလိုက်သော ဆင်းရဲသားအကြောင်း သရုပ်ဖော်ထားသည့် “သက်ကယ်ပင်” နှစ်မျက်နှာကာတွန်း၊ ရိုးသားပြီး ကျေးဇူးသိတတ်သော မောင်နဂ္ဂအကြောင်း ရေးဖွဲ့ထားသည့် “မောင်နဂ္ဂ” နှစ်မျက်နှာကာတွန်း၊ လက်ရေးလှအောင် ရေးတော့မည်ဆိုသော ဆုရတီအောင်အကြောင်း ရေးဖွဲ့ထားသည့် “ဆုရတီ အောင်-ဆင်ခြေ” တစ်မျက်နှာကာတွန်းနှင့် ဖခင်ကကန်ထရိုက်တာတစ်ဦးဖြစ်ကြောင်း ဟာသဖြစ် ဖွယ် ရေးဖွဲ့ထားသည့် “အာတူးနှင့် လိပ်ပု” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတဆောင်းပါးကဏ္ဍတွင် ယဉ်ကျေးမှုအလွှမ်းမိုးဆုံးနိုင်ငံသုံးနိုင်ငံအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် ငွေခွာကစားခဲ့သော မြေကွက်လပ်များတွင် ကျောက်မျက်ရတနာများကို တစ်ခါတစ်ရံတွင် တွေ့နေရဆဲဖြစ်ကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် ကျောင်းပြန်တက်တော့မည်ဆိုသော ဖိုးလုံးအကြောင်း တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် သူငယ်ချင်းတစ် ယောက်၏ မွေးနေ့အတွက် လက်ဆောင်ပေးရန် ဈေးဝယ်ထွက်ခြင်းအကြောင်းနှင့် ဘွဲ့ယူတော့မည့် သူငယ်ချင်းတစ်ယောက်နှင့်တွေ့ပြီး ဘာဆက်လုပ်ကြမည်ဆိုသည့်အကြောင်း အပြန်အလှန်ပြော ထားသည့် သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။