ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၅)၌ သူတစ်ပါးကို စေတနာကောင်းဖြင့် ကူညီဆောင်ရွက်ပေးပါက မိမိတွင်လည်း ကောင်းကျိုးများ ပြန်လည်ရရှိနိုင်ပုံကို ရေးဖွဲ့ထားသည့် “ပုပုပါဝင်သည့် မျက်ရည်ဖြင့် ဆေးကြောခြင်း” မျက်နှာဖုံးဇာတ်လမ်း၊ ကလေးတို့အနေဖြင့် မိဘများ၏ မေတ္တာစေတနာကို နားလည်စေရန် အကောင် မပေါက်သေးဘဲ ငှက်ဥလေးဘဝ၌ပင် ပျော်မြူးနေသော မိခင်လောင်းငှက်မလေးအကြောင်းကို တင်ဆက်ထားသည့် “အို မိခင်” နှစ်မျက်နှာကာတွန်း၊ မိဘနှင့် အသက်ကြီးသူများ၏ ဆိုဆုံးမမှုကို နားမထောင်၍ ဒုက္ခရောက်ရသော ငါးကလေး၏ အဖြစ်ကို ဂရုပြု လိုက်နာဖွယ် တင်ဆက်ထားသည့် “အစားမက်တဲ့ငါး” နှစ်မျက်နှာကာတွန်း၊စာဖတ်ရာ၌ သတ်ပုံမှန်ကန်စွာဖတ်မှသာ ဆိုလိုရင်းအဓိပ္ပာယ်ကို မှန်ကန်စွာ သိမြင်မည်ဖြစ်ကြောင်း တင်ဆက်ထား သည့် “ကီးကီးနှင့် ဦးပြောင်” နှစ်မျက်နှာကာတွန်း၊ ပူပေါင်းလေးများနှင့် ကစားနေသော ကလေးတစ်ယောက်၏ပုံ ကို သရုပ်ဖော်ရေးဖွဲ့ထားသည့် “မင်းမင်း” တစ်မျက်နှာကာတွန်း၊ စကားကို ကတ်တီးကတ်ဖဲ့ပြောတတ်သော ဖောင်းဖောင်းအကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ဖောင်းဖောင်းနှင့် ဆယ့်နှစ်လီ” မျက်နှာဝက် ကာတွန်းနှင့် မိမိ၏ ပိုက်ဆံကို သူငယ်ချင်းကို မချေးရရန် ပြောဆိုတတ်သော ဖိုးတစ်တိုအကြောင်းကို တင်ဆက် ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ကလေးတို့အနေဖြင့် နနွင်းမှုန့်၏ ဆေးဖက်ဝင်ပုံနှင့် အသုံးပြုပုံအကြောင်းကို သိရှိနိုင်စေရန် ဗဟုသုတရဖွယ်ရေးဖွဲ့ထားသည့် “ဆေးဖက်ဝင် နနွင်းမှုန့်၏ အာနိသင်များ” သုတ ဆောင်းပါးကို တင်ဆက်ထားပါသည်။ မိမိ၏ စားသောက်နေရေးအတွက် မိမိဘာသာ ကြိုးစားလုပ်ကိုင် စားသောက်သင့်ကြောင်းကို ရေးဖွဲ့ထားသည့် “အမြင်မှန်ရသွားတဲ့ ယုန်လေးဖိုးနီ” ပုံပြင်နှင့် ကျောင်းသား ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာများကို လေ့လာရာ၌ ဘာသာရပ် တိုင်းကို အလေးထား လေ့လာသင်ယူကျက် မှတ်သင့်ကြောင်းကို တင်ဆက်ထားသည့် “အားလုံးအရေးကြီးပါသည်” ဝတ္ထုတို့ကို လည်း တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးများ ပေးပို့သော ကာတွန်းများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍအပါအဝင် ကလေးတို့အနေဖြင့် ပစ်တိုင်းထောင်ကဲ့သို့ နေထိုင်ကျင့်ကြံသင့်ပုံ ကို အတုယူဖွယ် ရေးဖွဲ့ထားသည့် “ပစ်တိုင်းထောင်ပမာ” ကဗျာနှင့် ကျေးလက်ဒေသတွင် စပါးရိတ် သိမ်းရာ၌ ကျန်ရှိသော စပါးနှံများကို ကောက်သင်းကောက်ကြပုံကို ရေးဖွဲ့စပ်ဆိုထားသည့် “ကောက်သင်း ကောက်ချိန်” ကဗျာတို့ကို ထည့်သွင်း ဖော်ပြထားပါသည်။ အင်္ဂလိပ်စာကဏ္ဍ အနေဖြင့် Noun များအကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ ဆက်လက်လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။