၅-၂-၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၆)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၆)၌ အလွန်ဒေါသကြီးသော မောင်ရိုးအကြောင်း ရေးဖွဲ့ထားသည့် “ဒေါသကုမ္ဘဏ် မောင်ရိုး” မျက်နှာဖုံးကာတွန်း၊ ဝါသနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မိမိလုပ်သောအလုပ်ကို အကောင်းဆုံးလုပ်ဆောင်ပါက ရလဒ်ကောင်းများ ရရှိနိုင်ပုံအကြောင်း တင်ဆက်ထားသည့် “ဖိုးလပြည့်” နှစ်မျက်နှာကာတွန်း၊ သတိရှိပြီး ဖြတ်ထိုးဉာဏ်ကောင်းသောကြောင့် အသက်ဘေးမှ လွတ်မြောက်နိုင်ခဲ့သော ယုန်ကလေးဖြူဖွေးအကြောင်း တင်ဆက်ထားသည့် “အမြှောက်ကြိုက်တဲ့သူ” နှစ်မျက်နှာကာတွန်း၊ ကုန်ကျစရိတ်နည်းနည်းဖြင့် ဟင်းခွက်များများရရန် အကြံကောင်းပေးလိုက်သော ပြာပုကွေးအကြောင်း တင်ဆက်ထားသည့် “ကူညီအကြံပေး ပြာပုကွေး”နှစ်မျက်နှာကာတွန်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်နေသော လူငယ်လေးတစ်ယောက် အကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးသား” တစ်မျက်နှာကာတွန်းနှင့် စာကျက်လျက် ကစား၍ရနိုင်သော ကစားနည်းကို စဉ်းစား နေသည်ဆိုသော ဖြိုးရဲအကြောင်း တင်ဆက်ထားသည့် “ဖြိုးရဲ- စဉ်းစားရမယ်” မျက်နှာဝက် ကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတဆောင်းပါးကဏ္ဍတွင် လူတို့ နေ့စဉ်ရှူရှိုက်နေသော လေထုအကြောင်းနဲ့ ခန္ဓာကိုယ်၏ အသက်ရှူသွင်း ရှူထုတ်လုပ်ပုံလုပ်ငန်းစဉ်အကြောင်းကို ကျန်းမာရေးဗဟုသုတဖြစ်ဖွယ် တင်ဆက် ထားပါသည်။ ပုံပြင်ကဏ္ဍတွင် တကယ်ကြိုးစားပါက ဘယ်အချိန် ဘယ်အရွယ်မဆို သင်ယူတတ် မြောက်နိုင်ကြောင်းကို ရဟန်းကြီးတစ်ပါးက သက်သေပြလိုက်ပုံအကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် သင်္ချာကို အမြဲတွက်ချက်သောအလေ့အကျင့်ကို လုပ်တော့မည်ဆိုသော စတုတ္ထတန်း ကျောင်းသားလေးမောင်မောင်တင်အကြောင်းကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဗျာ ကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ကားမောင်းပေးရန် အကူအညီတောင်းသောအခါ ကားမမောင်းတတ်ကြောင်းနှင့် ကားမောင်းသင်တန်းတက်မှာဖြစ်ကြောင်း ပြောဆိုပုံနှင့် အင်္ဂလိပ်စာသင်ကြားမှုအကြောင်း အပြန်အလှန်ပြောထားသည့် သင်ခန်းစာ သစ်အချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ