“ကန့်ဘလူခင်မောင်ဆွေ” ရေးသားသည့် “စက္ကူကျားနှင့်ရွှံ့ရုပ်နွား ကလေးကဗျာများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“ကန့်ဘလူခင်မောင်ဆွေ” ရေးသားသည့် “စက္ကူကျားနှင့်ရွှံ့ရုပ်နွား ကလေးကဗျာများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ကလေးစာပေ  ပထမဆုရစာမူဖြစ်ပြီး စာပေဗိမာန် က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“စက္ကူကျားနှင့်ရွှံ့ရုပ်နွား ကလေးကဗျာများ”  စာအုပ်တွင် ကလေးကဗျာ ၇၆ ပုဒ် ပါဝင်သည်။ တိရစ္ဆာန်မူရာဖွဲ့၊ အရွယ်အစား၊ အနည်းအများ၊ အတိုအရှည် စသည့် ပုံပန်းသဏ္ဌာန် အတိုင်းအတာ ပမာဏဖွဲ့၊ စကားပုံဖွဲ့၊ သတ်ပုံဖွဲ့၊ မြို့ဖွဲ့၊ လူ့အမူအရာသိမ်းသွင်းသောအဖွဲ့ စသည်ဖြင့် ကဗျာအဖွဲ့ မျိုးစုံသည်။ ကဗျာများ၏ ဆွဲဆောင်မှုကြောင့် တိရစ္ဆာန်လေးများကို ချစ်စိတ်ဝင်စေနိုင်သည်။ ပတ်ဝန်းကျင်ရှိ ရုပ်ဝတ္ထုများကို သတိမူမိစေရာမှ အနီးအဝေး၊ အကြီးအသေး၊ အကျဉ်းအကျယ်၊ အနည်းအများ၊ အတိုအရှည်၊ အနိမ့်အမြင့် ဟူသော သဘောကို ကဗျာဆိုရင်း အလိုလိုခံစားသိမြင် စေနိုင်သည်။ စကားပုံဖွဲ့ ကဗျာများက ကလေးများ စကားအရာ လိမ္မာလာစေနိုင်သည်။ သတ်ပုံဖွဲ့ ကဗျာများကလည်း ကလေးများ အထူးဂရုမစိုက်ရဘဲ “ကဗျာရွတ်ရာ ပညာပါ” ဆိုသကဲ့သို့ ရေးထုံး အမှန်ကို အလွယ်တကူ မှတ်ယူနိုင် သည်။ မြို့ဖွဲ့ကဗျာများကို ရွတ်ဆိုရင်း ကိုယ့်ရပ်ကိုယ့်မြေ အလှကို သတိမူမိစေနိုင်သည်။ စကားထာကဗျာများက ကလေးတို့၏ စဉ်းစားဉာဏ် ထက်သန်စေနိုင်သည်။ လူ့အမူအရာ သိမ်းသွင်းသော ကဗျာများကမူ လိမ္မာယဉ်ကျေးနိုင်ငံ့ရင်သွေးလေးများဖြစ်ဖို့ မျှော်မှန်းနိုင် သည်။ အထူးဆိုဖွယ်မှာ “အိပ်မက်လေး” ကဗျာတွင် ငြိမ်းချမ်းရေးကို ကလေးတို့ရင်တွင်း မျိုးစေ့ချပေး လိုက်ပုံမှာ နူးညံ့ သိမ်မွေ့ လှပသည်။ “ရွာကလေး” ကဗျာတွင် ယနေ့ကလေးတို့ခေတ် ရွာကလေး၏ ပုံရိပ်ကို ဖုန်းသံ၊ အသံချဲ့စက်သံ၊ ကားသံ၊ ထော်လာဂျီသံ၊ ဆိုင်ကယ်သံ၊ ထွန်စက်သံတို့ဖြင့် ထည့်ဖွဲ့ ထားပုံမှာ ရွတ်ကောင်း ဆိုကောင်းရင်း ရွာအကြောင်းကို နှစ်သက်ကြည်နူးစေနိုင်သည်။ အခြေခံ ကျန်းမာရေး ကောင်းဖို့ “ရောဂါကင်းဝေးမယ်” ကဗျာဖြင့် ကိုယ်တိုင်ကျင့်အပ်သော လက်ဆေးခြင်း အမူအရာ၊ “အမှိုက်ကောက်ကြစို့” ဖြင့် တစ်ဆင့်ပွားအပ်သော အမူအရာတို့မှာ ကောင်းမွန်သော နေထိုင်မှုပုံစံ အလေ့အကျင့်ကို ဖြစ်စေနိုင်သည်။ အကြောင်းအရာ ပါးပါးလျလျ လေးများကို အပြလှလှ၊ အသံချိုချို၊ ကလေးအလိုက်သိသိဖြင့် မြင်လွယ်ကြားလွယ် ခံစားလွယ်သော  စကားလုံးများဖြင့် ဖွဲ့စည်းထားသည့်အတွက်  ကလေးငယ်များအတွက် အထူးသင့်လျော်သော ကလေးကဗျာ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၃၀၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ