“ကို (တက္ကသိုလ်)” ရေးသားသည့် “တာရာသိင်္ဂီ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“ကို (တက္ကသိုလ်)” ရေးသားသည့် “တာရာသိင်္ဂီ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် ၂၀၀၉ ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေစာပေဆုပြိုင်ပွဲတွင် ဝတ္ထုရှည်ပထမဆုရရှိခဲ့ သည့်စာမူဖြစ်ပြီး စာပေဗိမာန်က ဒုတိယအကြိမ် ပြည်သူ့လက်စွဲစာစဉ်အဖြစ် ပြန်လည်ထုတ်ဝေဖြန့်ချိ လိုက်ခြင်း ဖြစ်သည်။

“တာရာသိင်္ဂီ” စာအုပ်သည် ရှမ်းပြည်နယ်၊ နမ့်ပန်ချိုင့်ဝှမ်းဒေသကို နောက်ခံထားပြီး တပ်မတော်(လေ) မှ အရာရှိလေသူရဲတစ်ဦး၊ ရှမ်းပြည်နယ်အတွင်းရှိ သောင်းကျန်းသူအဖွဲ့မှ ခေါင်းဆောင်တစ်ဦး၊ ရှမ်းတိုင်းရင်းသူ ကျောင်းဆရာမလေး၊ တက္ကသိုလ်မှ ကထိကဆရာမလေးတို့ကို ဇာတ်ဆောင် ပြုလျက် စစ်ရေး၊ အချစ်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ယှက်နွှယ်၍ ရေးဖွဲ့ထားသည်။ လူမျိုးရေး တိမ်သလ္လာဖုံးနေသည့် သောင်းကျန်းသူတို့၏ အဖျက်သဘော၊ တပ်မတော်သားတို့၏ စွန့်လွှတ် အနစ်နာခံမှု၊ ရိုးသားသော တိုင်းရင်းသားတို့၏ ဖြူစင်သော စိတ်ထားစေတနာ၊ အနစ်နာခံ စွန့်လွှတ်တတ်သည့် ချစ်ခြင်းမေတ္တာစစ်တို့၏ သရုပ်သကန်ကို ရသမြောက်စွာ ဇာတ်လမ်းဆင် ချိတ်ဆက် သရုပ်ဖော်ထားသည့် သိမ်မွေ့လှပသော မေတ္တာဖွဲ့ဝတ္ထု ဖြစ်သည်။ ရသစာပေ ချစ်မြတ်နိုး သူများ နှစ်ခြိုက်မည့် ဝတ္ထုကောင်းတစ်အုပ် ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၂၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ