“ရဲမင်းထက် (မြန်မာစာ)” ရေးသားသည့် “ဇာတကနောက်ခံ ရခိုင်သာခြင်းများ၏ အပြောက်အမွမ်း” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“ရဲမင်းထက် (မြန်မာစာ)” ရေးသားသည့် “ဇာတကနောက်ခံ ရခိုင်သာခြင်းများ၏ အပြောက်အမွမ်း” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် သုတပဒေသာ (ဝိဇ္ဇာ) ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“ဇာတကနောက်ခံ ရခိုင်သာခြင်းများ၏ အပြောက်အမွမ်း” စာအုပ်တွင် တိမ်မြုပ်ပျောက်ကွယ်လု ဖြစ်နေသော ဇာတကနောက်ခံ ရခိုင်သာခြင်းများကို သုတေသနပြု ဖော်ထုတ်လေ့လာတင်ပြထားသော စာအုပ်ဖြစ်သည်။ ထို့ပြင် သာခြင်းဟူသော ဝေါဟာရ၊ သာခြင်း၏သဘောသဘာဝ၊ သာခြင်း အမျိုးအစားများ၊ သာခြင်း စာဆိုတို့၏အကြောင်းနှင့် ဇာတကနောက်ခံ သာခြင်းများအကြောင်းကို စေ့စုံစွာ တင်ပြထားသည်။ တစ်ဖန် ကျေးလက်မှသည် နန်းတော်ထဲထိ ကျယ်ကျယ်ပြန့်ပြန့် ထင်ရှားခဲ့သည့် သာယာစွာ စပ်ဆိုထားသော အချင်းအရာဖြစ်သည့် သာခြင်းကဗျာများ၏ ရခိုင်ပြည်နယ် အနှံ့အပြား၌ သြဇာကြီးမားခဲ့ပုံနှင့် ရခိုင်တိုင်းရင်းသားများ၏ရိုးရာယဉ်ကျေးမှု ကဗျာအမွေအနှစ်တစ်ခု ဖြစ်ပုံတို့ကို စိတ်ဝင်စား ဖွယ်ဖြစ်အောင် ရေးသားထားကာ ဇာတကနောက်ခံ သာခြင်းနှစ်ပုဒ်ဖြစ်သော စန္ဒကိန္နရာသာခြင်းနှင့် ပဒကုသလသာခြင်းတို့၏ ဇာတ်လမ်းအပျောက်အမွမ်း၊ နောက်ခံဝန်းကျင် အပြောက်အမွမ်းတို့ကို မူရင်းဇာတ်တော်နှင့်တိုက်ဆိုင်၍ သုတေသနပြုစိစစ်တင်ပြထားသည့် စာပေလက်ရာကောင်းဖြစ်ပေသည်။

အဆိုပါစာအုပ်ကို ရောင်းစျေး (၂၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ