ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၉)၌ သူငယ်ချင်း ကောင်းပီသသော ကိုအေးနှင့် ညိုလေးတို့အကြောင်းကို ရေးဖွဲ့ထားသည့် “အမေ့ကို ပေးလိုက်ပါ” မျက်နှာဖုံး ကာတွန်း၊ လူကြီးသူမများ၏ ဆုံးမစကားကိုနာခံကာ မိမိနှင့် သင့်လျော်သောနေရာတွင် နေထိုင်သင့်ကြောင်း တင်ဆက်ထားသည့် “ပါစီလေး၏ နေရာ” နှစ်မျက်နှာကာတွန်း၊ မြန်မာ့ရိုးရာစွန်လွှတ်တမ်းကစားခြင်းသည် အကုန်အကျသက်သာကာ အချိန်မရွေးကစားနိုင်သော ကစားနည်းဖြစ်ကြောင်းကို တင်ဆက်ထားသည့် “ဘေဘီဗွတ်ကလုံ” နှစ်မျက်နှာကာတွန်း၊ ပန်းဆယ်မျိုးအကြောင်းကို ဆွေးနွေးနေကြသော သူငယ်ချင်း နှစ်ယောက်အကြောင်းကို တင်ဆက်ထားသည့် “ရိုးရာပန်းဆယ်မျိုး” နှစ်မျက်နှာကာတွန်း၊ မိခင်၏စကားကို နားမထောင်ဘဲ ကလေးအတွေးဖြင့် မိမိထင်မြင်မိရာကိုလုပ်မိ၍ အမှားနှင့်ကြုံတွေ့ခဲ့ရသော ရွှေဖဲအကြောင်းကို တင်ဆက်ထားသည့် “ရွှေဖဲနှင့်ဖိနပ် တစ်ရန်” တစ်မျက်နှာကာတွန်းနှင့် ကိုဗစ်ရောဂါဖြစ်ပွားနေချိန်တွင် လူအချင်းချင်း တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်ကြပုံကို တင်ဆက်ထားသည့် “ဖောင်းဖောင်းရဲ့ ခေါင်းညိတ် လက်ထောင်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတဆောင်းပါးကဏ္ဍတွင် ကလေးတို့အနေဖြင့် မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းတစ်ခုဖြစ်သည့် ပုသိမ်ထီး လုပ်ငန်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့် “အမြတ်တနိုးတန်ဖိုးထား ထိန်းသိမ်းသွားရမည့် မြန်မာ့ရိုးရာ ပုသိမ်ထီးလုပ်ငန်း”သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ တိရစ္ဆာန်လေးများပင် ဖြစ်သော်လည်း ကျေးဇူးရှင် အပေါ်တွင် ကျေးဇူးသိတတ်ပုံကို ရေးဖွဲ့ထားသည့် “သစ္စာရှိသော ငှက်ကလေးတွေ” ပုံပြင်နှင့် ကလေးတို့အနေဖြင့် မိမိတို့ပြုလုပ်နေသော အမှားကိုအချိန်မီ ပြင်ဆင်နိုင်ပါက ကောင်းကျိုး ချမ်းသာရနိုင်ပုံကို အတုယူဖွယ် တင်ဆက်ထားသည့် “အခက်ဆုံးအလုပ် အလွယ်ဆုံးဖြစ်စေမည်” ဝတ္ထုတို့ကိုလည်း တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့အနေဖြင့် ပေးထားသော ရုပ်ပုံများတွင် စာလုံးအမှန်ကိုဖြည့်၍ ဆန့်ကျင်ဘက်အရာဝတ္ထုများကို တွဲပေး နိုင်မည့် ဉာဏ်စမ်းကဏ္ဍအပါအဝင် တောင်သူလယ်သမားကြီးများ၏ လယ်ယာလုပ်ငန်းမှ လုပ်ကိုင်ရရှိသော သီးနှံစုံကို ရေးဖွဲ့စပ်ဆိုထားသည့် “လယ်မြေချစ်တဲ့ ဦးကြီးများ” ကဗျာတို့ကို ထည့်သွင်းဖော်ပြထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် Adjective နှင့် Adverb တို့အကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ ဆက်လက်လေ့လာ မှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။