ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ မတ်လ ၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၅၄)၊ အမှတ် (၁၀)၌ အဖိုးတန်ရှေးဟောင်းပစ္စည်းများ မသမာသူလက်ထဲ မရောက်စေရေး ကာကွယ်ရန်မှာ လူတိုင်းတွင် တာဝန်ရှိပုံအကြောင်း တင်ဆက်ထားသည့် “မုဆိုးကြီးအလံ တစ်ရာဝေးပါဝင်သော ကျွန်ုပ်... အမုန်းတော်ခံ” မျက်နှာဖုံးကာတွန်း၊ ထမင်းဝိုင်းတွင် ဟင်းခပ်ရင်း လက်ဆုံမိပါက ဧည့်သည်ရောက်လာတတ်ပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ကီးကီ၊ ဂျိုးဂျိုးနှင့် ဧည့်သည်” နှစ်မျက်နှာကာတွန်း၊ အရက်သေစာ သောက်စားခြင်းသည် အသက်အန္တရာယ်ဖြစ်စေနိုင်ကြောင်းကို အဆိပ်ပြင်းသည့် မြွေပွေးနှင့် ဥပမာပေး၍ တင်ဆက်ထားသည့် “မြွေပွေးအမြီး ကိုင်သူ” နှစ်မျက်နှာကာတွန်း၊ မိမိအတွက် ဖိနပ်အသစ်ဝယ်ရန် ခြေထောက်အတိုင်းမှတ်သားထားသည့် စာရွက်ကို အိမ်မှာကျန်ခဲ့သည်ဆိုသော ပေါလေးအကြောင်း ရေးဖွဲ့ထားသည့် “ပေါလေးပါဝင်တဲ့ မတွေးမိလို့” နှစ်မျက်နှာကာတွန်း၊ ကမ္ဘာပေါ်တွင် တိုက်ကြီးများ မရေမတွက်နိုင်အောင်ရှိသည်ဆို သော “တုံတုံ” တစ်မျက်နှာကာတွန်းနှင့် ဘောလုံးကစားပြီး အင်္ကျီတွင် ရွှံ့များပေကျံကာ ပြန်လာသော လူငယ်လေးတစ်ယောက်အကြောင်းကို ဟာသဖြစ်ဖွယ်ရေးဖွဲ့ထားသည့် “ဖိုးတစ်တို” မျက်နှာဝက် ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတဆောင်းပါးကဏ္ဍတွင် သံလိုက်ဓာတ်သည် လျှပ်စစ်ဓာတ်အားနှင့် များစွာဆက်စပ်နေကြောင်းကို ကလေးတို့ ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် နှံပြီစုတ်ငှက် ကလေး၏ ပြောစကားကို မစဉ်းစားမဆင်ခြင်ဘဲ ယုံကြည်မိခဲ့ခြင်းကြောင့် နောင်တကြီးစွာရရှိခဲ့ရသော မုဆိုးလေးအကြောင်းကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် ပြောင်းလဲ၍ရသည့် အကျင့်ဆိုးများကို အချိန်မီပြောင်းလဲလိုက်နိုင်သည့် ရဲရင့်အကြောင်းကို ဖတ်ရှုရမည် ဖြစ်ပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် နေထိုင်မကောင်း၍ ကျောင်းမတတ်နိုင်သော အတန်းဖော်တစ်ယောက်နှင့် ပတ်သက်၍ အပြန်အလှန် ပြောဆိုပုံ အကြောင်းကို စကားအသုံးအနှုန်းပြောင်းကာ သုံးနှုန်းပြောဆိုထားသည့် သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။