နိုင်ငံတော်အစိုးရသည် မြန်မာစာပေအကျိုးကို ဘဝတစ်သက်တာလုံး သယ်ပိုးလျက် ပြည်သူ့အကျိုးပြု စာပေများကို တစိုက်မတ်မတ် ရေးသားခဲ့သည့် စာပေပညာရှင် စာရေးဆရာ၊ စာရေးဆရာမကြီးများကို ဂုဏ်ပြုချီးမြှောက်သောအားဖြင့် ၂၀၀၁ ခုနှစ်မှစတင်လျက် “အမျိုးသား စာပေတစ်သက်တာဆု” ကို နှစ်စဉ်ချီးမြှင့်ခဲ့ပါသည်။ ယခုအခါ “အမျိုးသားစာပေတစ်သက်တာဆု” ချီးမြှင့်ခံရသည့် စာပေပညာရှင် စုစုပေါင်း (၃၄) ဦး ရှိပြီဖြစ်ပါသည်။
ယင်းစာပေပညာရှင်ကြီးများကို မှတ်တမ်းတင်ဂုဏ်ပြုသောအားဖြင့် သူတို့၏စာပေနှင့် ဘဝ ပုံရိပ် ဆောင်းပါးများကို စာပေဗိမာန်စာတည်းအဖွဲ့က ပြုစုရေးသားကြပြီး နေ့စဉ်ထုတ် မြန်မာ့ အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာများတွင် အပတ်စဉ် ဖော်ပြလျက်ရှိပါသည်။ ယင်းဆောင်းပါး များအတွင်းမှ ၂၀၀၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ အမျိုးသားစာပေတစ်သက်တာဆု ရရှိသူစာပေ ပညာရှင်၊ စာရေးဆရာ၊ စာရေးဆရာမကြီး (၁၇) ဦး၏အကြောင်း ရေးသားဖော်ပြထားသည့် ဆောင်းပါးများကို စုစည်းလျက် “အမျိုးသားစာပေတစ်သက်တာဆုရ စာပေပညာရှင်များ၏ စာပေနှင့် ဘဝအကြောင်း တစေ့တစောင်း (၂၀၀၁-၂၀၁၃)” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေလိုက်ပါသည်။
စာပေပညာရှင်ကြီး (၁၇) ဦးမှာ ဆရာကြီးပါရဂူ၊ ဆရာကြီးမောင်ထင်၊ ဆရာကြီးဌေးမောင်၊ ဆရာကြီးလေးမြိုင်၊ ဆရာမကြီး စောမုံညင်း၊ ဆရာမကြီး ဒေါ်ကြန်၊ ဆရာကြီး ဆင်ဖြူကျွန်း အောင်သိန်း၊ ဆရာကြီးစည်သူဒေါက်တာကျော်စိန်၊ ဆရာကြီး စည်သူဒေါက်တာခင်မောင်ညွန့်၊ ဆရာကြီး စည်သူဒေါက်တာသော်ကောင်း၊ ဆရာကြီးမင်းယုဝေ၊ ဆရာမကြီးဒေါ်ခင်ဆွေဦး၊ ဆရာကြီး ဦးအောင်သင်း၊ ဆရာကြီးသိပ္ပံမှူးတင်၊ ဆရာကြီးမောင်ခင်မင် (ဓနုဖြူ)၊ ဆရာကြီး စည်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်) နှင့် ဆရာကြီး ဦးမြင့်ကြည် (တက္ကသိုလ်မြတ်စိုး) တို့ဖြစ်ကြပြီး သူတို့၏ ဘဝအကြောင်းနှင့် သူတို့ရေးသားသည့် လက်ရာစာအုပ်အချို့အကြောင်းကို စိတ်ဝင်စားဖွယ် ရေးသားတင်ပြထားပါသည်။ မြန်မာစာပေချစ်မြတ်နိုးသူများ၊ စာပေသုတေသီများ၊ စာပေဝါသနာရှင်များ၊ အတ္ထုပ္ပတ္တိများ လေ့လာပြုစုနေသူများအတွက် အထောက်အကူပြုမည့်စာအုပ် ဖြစ်ပါသည်။
စာအုပ်တွင် စာမျက်နှာ (၂၂၆) မျက်နှာ ပါဝင်ပြီး တန်ဖိုး ၂၀၀၀ ကျပ်ဖြင့် ရန်ကုန်မြို့၊ အမှတ် ၅၂၉- ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) တို့တွင် ဝယ်ယူရရှိနိုင်ကြောင်း သတင်းရရှိသည်။