ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၁၅)၌ သင်္ကြန်ကာလတွင် ကိုရင်ဝတ်ရမည်ကို အပေါင်းအဖော်များနှင့် ဝတ်လိုသော မောင်လူအေး၏ ဉာဏ်များပုံကို ရေးဖွဲ့ထားသည့် “မောင်လူအေးနှင့် သင်္ကြန်” မျက်နှာဖုံးဇာတ်လမ်း၊ အလုပ်မလုပ်ပါက အစားလည်းစားရမည် မဟုတ်ကြောင်းကို ဟာသနှော၍ ရေးဖွဲ့ထားသည့် “နိုးတူး” နှစ်မျက်နှာကာတွန်း၊ ဖမ်းမိထားသော ရေဘဲကို ညီတူမျှတူခွဲဝေမယူဘဲ ငြင်းခုံနေ၍ ရရှိလာသည့်အခွင့်အရေးကို လက်လွှတ် ဆုံးရှုံးသွားရသော ဝဏ္ဏတို့ သူငယ်ချင်းနှစ်ယောက်အကြောင်းကို သရုပ်ဖော်ရေးဖွဲ့ထားသည့် “ငြင်းခုံခြင်းရဲ့ အဖြေ” နှစ်မျက်နှာကာတွန်း၊ ကလေးများအနေဖြင့် အရက်သေစာသောက်စားပါက ပျက်စီးတတ်ကြောင်းနှင့် အကြွားသန်သော ဖြိုးရဲအကြောင်းကို သရုပ်ဖော်တင်ဆက်ထားသည့် “ဖြိုးရဲ - ကြွားတာ မဟုတ်ပါ” နှစ်မျက်နှာကာတွန်း၊ မူးယစ်ဆေးဝါးသုံးစွဲပါက ကြုံတွေ့ရလာနိုင်သည့် ဆိုးကျိုးများကို တင်ဆက်ထားသည့် “ရှောင်လေဝေးဝေး မူးယစ်ဆေး” တစ်မျက်နှာကာတွန်း၊ အချင်းချင်း အားမနာတမ်း ပြောဆိုတတ်သော ဝေခန့်နိုင်အကြောင်းကို ရေးဖွဲ့ထားသည့် “ဝေခန့်နိုင်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် သင်္ကြန်ပွဲတော်ဖြစ်ပေါ်လာပုံအကြောင်းနှင့် ဆင်နွှဲပုံအကြောင်းကို ဗဟုသုတရဖွယ် ရေးဖွဲ့ထားသည့် “မြန်မာ့ရိုးရာသင်္ကြန်ရေသဘင်ပွဲတော်” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ တိရစ္ဆာန်များကို မွေးမြူရာ၌ ကိုယ်ချင်းစာတရားထားကာ ပြုစုစောင့်ရှောက်သင့်ပုံကို ရေးဖွဲ့ထားသည့် “အကြင်နာတရား” ဝတ္ထုနှင့် မိမိရောက်ရှိရာ နေရာဒေသကိုလိုက်၍ နေထိုင်စားသောက်တတ်စေရန် ပညာပေးတင်ဆက်ထားသည့် “ချိုမြိန်တဲ့သစ်သီး” ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးများအနေဖြင့် ပေးထားသောရုပ်ပုံလေးကို မိမိတို့စိတ်ကြိုက်အရောင်များ ခြယ်သနိုင်မည့် “ဆေးရောင်လှလှခြယ်ရအောင်” ကဏ္ဍအပါအဝင် သင်္ကြန်ကာလတွင် ပြုလုပ်လေ့ရှိသော ဓလေ့ထုံးစံများကို ဂုဏ်ယူဖွယ် ရေးဖွဲ့စပ်ဆိုထားသည့် “မြန်မာ့သင်္ကြန်ပွဲ” ကဗျာတို့ကို ထည့်သွင်းဖော်ပြထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် Adjective အကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ ဆက်လက်လေ့လာမှတ်သား နိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။