၁၄-၅-၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၂၀)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ မေလ ၁၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၂၀)၌ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပရခြင်းအကြောင်းနှင့် ဓလေ့ထုံးစံများကို တန်ဖိုးထားထိန်းသိမ်းတတ်ရမည့်အကြောင်း တင်ဆက်ထားသည့် “ကဆုန်ညောင်ရေသွန်းပွဲတော် ဆင်နွှဲပျော်” မျက်နှာဖုံးကာတွန်း၊ မိမိ၏အလုပ် တာဝန်ကို သူတစ်ပါးအပေါ် လွှဲချခဲ့မိသော ဖြိုးရဲအကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ဖြိုးရဲ၏ ညာမိတဲ့အပြစ်”  နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းအပေါ်တွင် အမြဲအနိုင်ယူ ဗိုလ်ကျချင်သော ပေါတောလေးအကြောင်း ရေးဖွဲ့ထားသည့် “ပေါတောလေး-ကိုယ်ချင်းစာပါ”  နှစ်မျက်နှာကာတွန်း၊ လူကြီးမိဘတို့၏စေတနာဖြင့် ပြောဆိုဆုံးမသွန်သင်မှုများအပေါ် သိတတ်လိမ္မာသော ‌မြေး လိမ္မာများအကြောင်း ရေးဖွဲ့ထားသည့် “အတိတ်နိမိတ်” နှစ်မျက်နှာကာတွန်း၊ ဖိနပ်အသစ်ဝယ်ပေးရတော့မည့် တီလေးအကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “တုံတုံ”  တစ်မျက်နှာကာတွန်းနှင့် ကာတွန်းရေးဆွဲလေ့ကျင့်နေသည်မှာ သုံးနှစ်ရှိနေပြီဆိုသည့်အကြောင်း ရေးဖွဲ့ထားသည့် “ဖိုးလပြည့်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတဆောင်းပါးကဏ္ဍတွင် “အဝေးကြည့်မှန်ပြောင်း” အကြောင်း ကလေးတို့ ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် ဥသြငှက်ကလေး ကူကူးအကြောင်းကို ကလေးတို့ စိတ်ဝင်စားဖွယ် ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် မီးဘေးသင့်သူများအပေါ် စေတနာထားကာ ပရဟိတလုပ်ငန်းများတွင် စိတ်အားထက်သန်စွာ ပါဝင်ကူညီပေးကြသော လူငယ်လေး အချို့အကြောင်းကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ပါတီပွဲတစ်ခုကို ဖိတ်ကြားပုံအကြောင်း အပြန်အလှန်ပြောဆိုပုံကို dialogueပုံစံ နှစ်မျိုးဖြင့် ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ