ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၂၆)၌ တယ်လီဖုန်းကို အကျိုးရှိရှိအသုံးချတတ်ပါက အင်မတန်အသုံးဝင်ပုံ အကြောင်းကို လက်တွေ့သက်သေပြလိုက်နို်ငသော ပေါက်ကျော်တို့ သူငယ်ချင်းတစ်စုအကြောင်း တင်ဆက်ထားသည့် “ဖုန်း၏တန်ဖိုး” မျက်နှာဖုံးကာတွန်း၊ သူတစ်ပါးအပေါ် ကိုယ်ချင်းစာစိတ်ရှိပြီး ရိုးသားသော နိုးတူးအကြောင်း ရေးဖွဲ့ထားသည့် “နိုးတူး- ရိုးသားသူရဲ့ ရလဒ်” နှစ်မျက်နှာကာတွန်း၊ အစာစားရဖို့ အကြံထုတ်ရာက စားစရာများဖြင့် အဆင်သင့်ကြုံကြိုက်သွားသော ကြွက်ကလေး အကြောင်း ရေးဖွဲ့ထားသည့် “အိမ်လိုနေပြီ” နှစ်မျက်နှာကာတွန်း၊ မိမိ၏လက်ဖက်ရည်ဆိုင်တွင် ကျက်သရေရှိပြီး စိတ်နှလုံးချမ်းမြေ့စေသောပုံများကို ချိတ်ဆွဲပေးထားခြင်းကြောင့် ဆိုင်၏ စီးပွားရေး ပြန်လည်တိုးတက်လာသော ရွှေရိုးအကြောင်း ရေးဖွဲ့ထားသည့် “နိမိတ်” နှစ်မျက်နှာကာတွန်း၊ အပင်ပေါ်က သရက်သီးကို အလွယ်တကူရလိုက်သော လူငယ်လေးတစ်ယောက်အကြောင်း တင်ဆက်ထားသည့် “ကံတရား” တစ်မျက်နှာကာတွန်းနှင့် မိမိ၏ဆောင်ရွက်ချက်တိုင်းတွင် အမှားကင်းဝေးရန်အတွက် သတိထားပြီး လုပ်ဆောင်တတ်ရမည်ဖြစ်ကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ပူတင်း-သတိကို ဘယ်အထိထားရမလဲ” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတဆောင်းပါးကဏ္ဍတွင် အန္တရာယ်ရှိသော အသားပိုအကျိတ်နှင့် အန္တရာယ်မရှိသော အသားပိုအကျိတ်အကြောင်း တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် မိမိ၏ လိမ္မာပါးနပ်၍ ဉာဏ် အမြော်အမြင်ရှိမှုကြောင့် အသက်ဘေးက လွတ်မြောက်ကာ ပျော်ရွှင်ဖွယ်မိသားစုဘဝကို ရရှိခဲ့သော ဖိနပ်ချုပ်သမားအကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ စာစီစာကုံးကဏ္ဍအနေဖြင့် စာပေဗိမာန် စိန်ရတု အထိမ်းအမှတ်အဖြစ် ပြုလုပ်သော ရွှေသွေးတို့လက်ရာ စာစီစာကုံးပြိုင်ပွဲတွင် ဆန်ခါတင်အဆင့် ရွေးချယ်ခံရသည့် စာစီစာကုံးကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင် ပန်းရောင်းထွက်လာသော မထွေးလေး၏ ဝယ်သူများအပေါ်ထားရှိသည့် စေတနာ၊ မေတ္တာအကြောင်း ရေးဖွဲ့ထားသည့် “ပန်းလိုမွှေးပါစေ” ကဗျာကဏ္ဍနှင့် ဉာဏ်စမ်းကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာ ကဏ္ဍအနေဖြင့် တစ်စုံတစ်ယောက် ကျောင်းမတက်နိုင်သည်ကို စိုးရိမ်ပူပန်ပြီး မေးမြန်းပြောဆိုပုံနှင့် စကားအသုံး အနှုန်းမတူဘဲ အဓိပ္ပာယ်တူပြောဆိုပုံအကြောင်း သင်ခန်းစာသစ် အချို့ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။