ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၈ ရက် (စနေနေ့) တွင်ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၂) အမှတ် (၃၂) ၌ အသိပညာအတတ်ပညာဆိုသည်မှာ ပိုသည်ဟူ၍မရှိဘဲ အခါအခွင့်သင့်ပါက ဂရုတစိုက်သင်ယူ လေ့လာထားရမည်ဖြစ်ကြောင်းကို ရေးဖွဲ့ထားသည့် “ပညာလို ပိုသည်မရှိ” မျက်နှာဖုံးကာတွန်း၊ ဇော်ဂျီရုပ်ကလေးသည် အသက်ဝင်လာပြီး ဖိုးလုံးနှင့် စကားပြောဖြစ်ပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးလုံး-အိပ်မက်လေလား ဝိုးတဝါး” နှစ်မျက်နှာ ကာတွန်း၊ သူငယ်ချင်းကောင်း၏ ကောင်းမွန်သော အကြံပေးစကားကို နားမထောင်ဘဲ မိမိစိတ်ထင်ရာ လုပ်လိုက်မိသောကြောင့် ဖျားနာမှုဖြစ်ရပုံအကြောင်းကို ရေးဖွဲ့ထားသည့် “သူငယ်ချင်း” နှစ်မျက်နှာကာတွန်း၊ အိမ်တွင် မုန့်ဟင်းခါးကို ကိုယ်တိုင်ချက်ကာ သူငယ်ချင်းအား လာစားရန် ဖုန်းဆက်လိုက်သော မိတူးအကြောင်းကို ရေးဖွဲ့ထားသည့် “မုန့်ဟင်းခါး” နှစ်မျက်နှာ ကာတွန်းနှင့် ပယင်းနှင့် ကျောက်စရစ်တို့ သူငယ်ချင်းနှစ်ယောက်သည် စမ်းချောင်းတစ်ခုထဲတွင် ရေတိမ်သည်အမှတ်ဖြင့် ရေထဲဆင်းကူးမိပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ကျောက်ခေတ်ကမ္ဘာ” တစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် လိပ်ပြာငယ်လေးများ၏ သဘာဝအလျောက် ဖြစ်တည်ပြောင်းလဲလာပုံ အဆင့်ဆင့်အကြောင်းကို ကလေးတို့ ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေ ဖြင့် ရွာရှိ တန်ဖိုးရှိသော စာကြည့်တိုက်အား မောင်မောင်တို့သူငယ်ချင်းတစ်စု၏ ဝိုင်းဝန်းလုပ်အား အပါအဝင် ရွာသူရွာသားအားလုံးက တက်ညီလက်ညီဖြင့် ပြန်လည်ပြုပြင်ပေးနိုင်ခဲ့ပုံအကြောင်းကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဆေးရောင်လှလှ ခြယ်ကြမယ်ကဏ္ဍကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် နေ့စဉ်သုံးအင်္ဂလိပ် စကားပြောနှင့်ပတ်သက်၍ အပြန်အလှန်မေးမြန်းပြောဆိုပုံ သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ်(၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။