ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ဝတ္ထုတိုပေါင်းချုပ် ပထမဆု ရရှိသည့် စာရေးဆရာ တင်တော်၏  “တုမဲ့နှုန်း၍ ရွှေဘုန်းမော် နိုင်ပါစေနှင့် ဝတ္ထုတိုများ စုစည်းမှု” စာအုပ်ကို ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ဝတ္ထုတိုပေါင်းချုပ် ပထမဆု ရရှိသည့် စာရေးဆရာ တင်တော်၏  “တုမဲ့နှုန်း၍ ရွှေဘုန်းမော် နိုင်ပါစေနှင့် ဝတ္ထုတိုများ စုစည်းမှု” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် အနာဂတ်ကို လမ်းဖွင့်ပေးသူ၊ လဲကျသွားလည်း ကြိုးစားထူမတ် ပြန်ရပ်နိုင်ပါစေ၊ ရွေးချယ်ခွင့်လေး ပေးလိုက်ပါ၊ ပန်းဝင်လှစေချင်၊ အသိ အလင်း၊ အကောင်းဆုံးသော ကိုယ်သာဖြစ်ပါစေ၊ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ဆိုရင်၊ တုမဲ့နှုန်း၍ ရွှေဘုန်းမော်နိုင်ပါစေ စသည့် ဝတ္ထုတိုစုစုပေါင်း ၈ ပုဒ်ပါဝင်သည်။ ဘဝဟူသည် လက်ဝှေ့ကြိုးဝိုင်းအတွင်း လဲကျရုံမျှနှင့် ရှုံးသွားသည် မဟုတ်ဘဲ ပြန်လည်ထပြီး ယှဉ်ပြိုင်ထိုးပါက အနိုင်ရသည့်ပမာ၊ လူသာလဲကျလျှင် လဲကျပါစေ စိတ်ဓာတ် လဲမကျဘဲ ဇွဲသတ္တိနှင့် ယှဉ်ပြိုင်ပါက ဘဝရည်မှန်းချက်ပန်းတိုင်ကို ရောက်နိုင်ကြောင်း၊ လူတစ်ဦး၏ တန်ဖိုးနှင့် လူဖြစ်ရခြင်း၏ အနှစ်သာရသည် ကိုယ်ရပ်တည်ရှင်သန်နေရသည့် ကိုယ့်ပတ်ဝန်းကျင်ကို မည်ရွေ့မည်မျှ အကျိုးပြုနိုင်သနည်းဟူသည့် ပေတံဖြင့် တိုင်းတာနိုင်ကြောင်း၊ ဝန်ထမ်းလောကတွင် အဝင်အထွက်ညက်၊ အကပ်အရပ်၊ လာဘ်ပေးလာဘ်ယူ ထူပြော၊ အနူတောမှာ လူချောဖြစ်နေကြသည့် ရာထူးအတိုးမြန် “တော်ဝင်” ဝန်ထမ်းများနှင့် ကိုယ်ပိုင်အရည်အချင်းများနှင့် ရိုးရိုးသားသား ကြိုးစားကြရင်းက တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာကြသော “ဂန္ထဝင်” ဝန်ထမ်းများ ဟူ၍ရှိရာ မည်သူက အကျနာပြီး မည်သူက ရေရှည်တည်တံ့ကာ ကြီးပွားတိုးတက်သွားကြောင်း၊ “ကံရင်းမူလ၊ ဝီရိယနှင့် ဉာဏထောက်ကူ၊ ရှိသည့်သူမှ၊ လူတွင်လူမွန်၊ လွှားတံခွန်သို့၊ လူချွန်တစ်ယောက်၊ ခေါ်ဆိုလောက်အောင်၊ တုမဲ့နှုန်း၍ ရွှေဘုန်းမော်စေရမည်တကား” ဟု မဃဒေဝလင်္ကာမှာ ညွှန်းဆိုထား သကဲ့သို့ ဇွဲ၊ ဝီရိယနှင့် ရိုးသားစွာ ကြိုးစားပါက ကြီးပွားချမ်းသာသွားကြောင်း၊ ဆရာနှင့် တပည့်၊ မိဘနှင့် သားသမီး တုံ့ပြန်မေတ္တာထားကြပုံကအစ လူအချင်းချင်း ရိုင်းပင်းစာနာကြစေလိုကြောင်း ဘဝသရုပ် မျိုးစုံကို ရသအဖုံဖုံဖြင့် ဆွဲဆောင်မှုရှိစွာ ရေးသားထားသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းဈေး ၂၅ဝဝ ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ