၂၉-၅-၂၀၂၁ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၃)၊ အမှတ် (၂၂)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ မေလ ၂၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၅၃)၊ အမှတ် (၂၂)၌ အင်္ဂလိပ်စကားအသုံးအနှုန်းဖြစ်သည့် ရက်စ်နှင့် နိုး ဖြစ်ပေါ်လာပုံ ဒဏ္ဍာရီပုံပြင်အကြောင်းကို ရေးဖွဲ့ထားသည့် “တစ်ခါတုန်းက  ရက်စ်နဲ့ နိုး” မျက်နှာဖုံးကာတွန်း၊ ဖခင်ကျားကြီး၏ ဆုံးမသွန်သင်မှုများကို လိုက်နာတော့မည်ဆိုသော ကျားပေါက်လေးအကြောင်း ရေးဖွဲ့ထားသည့် “ကျားပေါက်ပါဝင်သော အသိစိတ်” နှစ်မျက်နှာကာတွန်း၊ ကျောင်းသူလေး ခင်ခင်ပြူးသည် မိမိ၏ကျောပိုးအိတ်က ရေဘူးလှုပ်သံကို ထင်ယောင်ထင်မှားဖြစ်ကာ ကြောက်စိတ် ဖြစ်ခဲ့ရပုံအကြောင်း ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ဂန္ထဝင်ခင်ခင်ပြူး” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးစိတ်အနှောင့်အယှက်ဖြစ်စေမည့် စနောက်မှုကို မပြုလုပ်သင့်ကြောင်း တင်ဆက်ထားသည့် “ရန်ပိုင်စိုး” နှစ်မျက်နှာကာတွန်း၊ ကောက်ရသောပိုက်ဆံဖြင့် မုန့်ဝယ်စားသည်ဆိုသော အာဘွား အကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “သေချာပါတယ်” တစ်မျက်နှာကာတွန်း၊ ဦးလေးက မုန့်ဖို့ပေးရန်ကျန်သော တစ်ရာကို အကြွေးမှတ်ထားရန်ပြောသော အာတူးအကြောင်းကို ရေးဖွဲ့ထားသည့် “အာတူးရဲ့ မှတ်ထားနော်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။ သုတကဏ္ဍတွင် ရှေးခေတ်မှ ယနေ့ခေတ်တိုင် လူသားတို့၏ တီထွင်ဖန်တီးနိုင်မှုစွမ်းရည် တိုးတက်လာခဲ့ပုံကို တင်ဆက်ထားသည့် “လူသားတို့၏ တီထွင်ဖန်တီးမှု စွမ်းရည်” သုတဆောင်းပါးကို ဖတ်ရှုရမည်ဖြစ်သည်။ ဝတ္ထုကဏ္ဍတွင် ကလေးအလုပ်သမားမဖြစ်ချင်ဘဲ မိဘနှင့်အတူ အေးအတူ ပူအမျှ နေထိုင်သွားနိုင်သည့် ကလေးတစ်ယောက်သာ ဖြစ်ချင်သော ပြည့်ပြည့်အကြောင်းကို ဖတ်ရှုရ မည်ဖြစ်သည်။ ထို့ပြင် ရွှေသွေးမောင်မယ်တို့အနေဖြင့် ကျောင်းတက်ပညာသင်ကြားချိန်တွင် ကျောင်းမှန်မှန်တက်ကာ ပညာသင်ကြားရမည်ဖြစ်ကြောင်းကို ရေးဖွဲ့ထားသည့် “ကျောင်းသွားမယ်” ကဗျာ၊ နွေဥဩငှက်ကလေးများ၏ သဘာဝအလျောက် ပြုမူနေထိုင်တတ်သော ပုံစံကို ရေးဖွဲ့ထား သည့် “ရွှေဥဩ” ကဗျာနှင့် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ကာတွန်းလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍနှင့် ကလေးတို့ကိုယ်တိုင် မျက်စိလျင်လျင်ဖြင့် ပါဝင်ဆောင်ရွက်ရမည့် ဉာဏ်စမ်းကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍ အနေဖြင့် ဆရာဝန်ပြရန် ဘယ်လိုချိန်းဆိုရသည်ဆိုသည်နှင့် အအေးမိ နှာစေးနေသူနှင့် အခြားတစ်ယောက် အပြန်အလှန်ပြောဆိုထားသည့် သင်ခန်းစာသစ်အချို့ကို တင်ဆက်ထားသည့် ဆရာ KML ၏ “ရွှေသွေးစကားဝိုင်း” ကဏ္ဍကိုပါ ကလေးတို့ လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

အကြံပြုစာ/တိုင်ကြားစာ