ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၅၃)၊ အမှတ် (၂၄)၌ အမှန်တကယ် အကူအညီလိုအပ်နေသူများကို ကူညီတတ်ရမည် ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “လွဲသွားလို့ပါ” မျက်နှာဖုံးကာတွန်း၊ ကြောင်နှင့် ကြွက်တို့၏ ဒဏ္ဍာရီပုံပြင်အကြောင်းကို တင်ဆက်ထားသည့် “အဲဒါ သူ့ကြောင့်” နှစ်မျက်နှာကာတွန်း၊ အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ကျန်းမာကြံ့ခိုင်အောင် ကြိုးစားနေထိုင်ရမည်ဖြစ်ကြောင်းကို ရေးဖွဲ့ထား သည့် “ခြံရာဇာ...ခရမ်း... ညီစေနော်” နှစ်မျက်နှာကာတွန်း၊ ပုပုတို့သူငယ်ချင်းတစ်စုနှင့် ပူစူးလေးတို့ သည် ရပ်ကွက်ကောင်းကျိုးကို သယ်ပိုးပေးနိုင်ခဲ့ပုံအကြောင်းကို တင်ဆက်ထားသည့် “ပုပုပါဝင်သည့် ပူစူးလေး ဝမ်းသာနေပြီ” နှစ်မျက်နှာကာတွန်း၊ ကာကွယ်ရေးပစ္စည်းများ ရောင်းသည်ဆိုသော အန်တီဆွေ၏ဆိုင်အကြောင်း ရေးဖွဲ့ထားသည့် “ဖိုးလပြည့်” တစ်မျက်နှာကာတွန်းနှင့် အစားကို ကောင်းကောင်းနှင့် များများ စားချင်သည့်အကြောင်း ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ခဏခဏ စားချင်သူ” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် မြန်မာလူမျိုးတို့၏ စားရေးနှင့် ဝတ်ရေးဆိုင်ရာ ကောက်ပဲသီးနှံ တချို့အကြောင်းကို တင်ဆက်ထားသည့် “လေ့လာစရာ ကောက်ပဲသီးနှံဆိုတာ” သုတဆောင်းပါးကို ဖတ်ရှုရမည်ဖြစ်သည်။ ပုံပြင်ကဏ္ဍတွင် မင်းသမီးလေး ဒေစီ၏ သူတစ်ပါးအပေါ် ကူညီတတ်ပုံ အကြောင်း ရေးဖွဲ့ထားသည့် “အပျံသင်တဲ့ မင်းသမီးလေး ဒေစီ” ကို ဖတ်ရှုရမည်ဖြစ်သည်။ ဝတ္ထုကဏ္ဍအနေဖြင့် ဖိုးကဲတို့ သူငယ်ချင်းတစ်စုသည် ကဗျာများကို စိတ်ပါလက်ပါ ဖတ်ကြပုံ အကြောင်း တင်ဆက်ထားသည့် “ဘယ်ဈေးလဲ” ဝတ္ထုကို ဖတ်ရှုရမည်ဖြစ်သည်။ ထို့ပြင် ကလေးတို့ ကိုယ်တိုင် ရေးဆွဲထားသည့် ကာတွန်းလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍနှင့် ကလေးတို့ကိုယ်တိုင် မျက်စိလျင်လျင်ဖြင့် ပါဝင်ဆောင်ရွက်ရမည့် ဉာဏ်စမ်းကဏ္ဍနှင့် ကျောင်းပတ်ဝန်းကျင် သာယာလှပရေးအတွက် ကျောင်းဥယျာဉ်လေးကို ပြုစုစောင့်ရှောက် ပေးရ မည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “ကျောင်းဥယျာဉ်လေး” ကဗျာတို့ကိုလည်း တင်ဆက်ထား ပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် မိတ်ဆွေနှစ်ဦး ပြန်လည်တွေ့ဆုံရာက တစ်ဦးက အခြားတစ်ဦး ကို ညစာအတူစားရန် ဖိတ်ကြားခြင်းနှင့် ပါတီပွဲတစ်ခုသွားရန် သွားရမည့်လမ်းကြောင်းကို အီးမေးလ်ပို့ပေးရန် ဖုန်းဆက်လှမ်းပြောခြင်းဆိုင်ရာ အပြန်အလှန်ပြောထားသည့် သင်ခန်းစာသစ် အချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။