၉- ၁၀- ၂၀၂၁ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၃)၊ အမှတ် (၄၁) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၃)၊ အမှတ်(၄၁)၌ လူကြီးသူမများ၏ ပြောဆိုဆုံးမမှုကို လိုက်နာဆောင်ရွက်မှုကြောင့် ကြီးပွား ချမ်းသာသွားသော မောင်လိမ္မာလေးအကြောင်းကို ပညာပေးတင်ဆက်ထားသည့် “မောင်လိမ္မာ” မျက်နှာဖုံးဇာတ်လမ်း၊ မိခင်လုပ်ခိုင်းသော အလုပ်များသည် များပြားလှသောကြောင့် ဖုန်းဖြင့်ပင် မှတ်သား ထားရပုံကို ဟာသဖြစ်ဖွယ်တင်ဆက်ထားသည့် “မေမေနဲ့ သားသား” နှစ်မျက်နှာကာတွန်း၊ မိမိကို သင်ကြားပြသပေးသော သင်ဆရာများနှင့် အတုယူဆောင်ရွက်ရသည့် မြင်ဆရာတို့၏ ကျေးဇူးတရားများ ကို အမြဲသတိရအောက်မေ့နေရမည်ဖြစ်ကြောင်းကို ပန်းချီကားထဲရှိ ရုပ်ပုံကို အတုယူ၍ သမင်ရုပ်ထုလုပ် နေသော မောင်ကံကောင်းလေးကို သူ့အဖေ၏ဆုံးမစကားများဖြင့်  တင်ဆက်ထားသည့် “ပန်းပုဆရာကြီး” နှစ်မျက်နှာကာတွန်း၊ ကောမစ်ရေးဆွဲနေကြသော ဖိုးဇော်တို့အကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထား သည့် “ကိုယ်ပွား” နှစ်မျက်နှာကာတွန်း၊  သီးနှံခင်းများကို ဖျက်ဆီးသော ကြက်မကြီးကို သူ၏ဟင်းလျာအဖြစ် တွေးကာပုံဖော်နေသော “ဦးအောင်ကြီး” တစ်မျက်နှာကာတွန်းနှင့် ဦးလေးဖြစ်သူထံမှ ပိုက်ဆံရရန် တောင်းနေသော ဉာဏ်များလွန်းသည့် ရန်ပိုင်စိုး၏ ပြောဆိုပုံကို ဟာသနှော၍ တင်ဆက်ထားသည့် “ရန်ပိုင်စိုး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

သုတကဏ္ဍတွင် ကလေးတို့အနေဖြင့် မိမိတို့၏အသုံးအဆောင်ပစ္စည်းများကို  နေရာဒေသအလိုက် အကျိုးရှိရှိ သုံးစွဲသင့်ပုံကို ဗဟုသုတရဖွယ် ရေးဖွဲ့ထားသည့် “မနှင်းပွင့်နှင့် မိတ်ဆွေလေးများ” သုတ ဆောင်းပါးနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြီး အမြန်ပြီးဆုံးကာ မိမိတို့၏ ဆွေမျိုးမိတ်ဆွေများရှိရာ နေရာ ဒေသများသို့ သွားရောက်လည်ပတ်လိုသော ကလေးများ၏ စိတ်ဆန္ဒကို ပေါ်လွင်အောင် ရေးဖွဲ့ထားသည့် “အလိုချင်ဆုံးဆု” ဝတ္ထုတို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် မျိုးနွယ်တူအပေါင်းအသင်းများထဲမှ ကောက်ကျစ်သောအကြံအစည်ဖြင့် ခွဲထွက်ခဲ့သော ဝံပုလွေ၏ ဒုက္ခရောက်ရပုံကို တင်ဆက်ထားသည့် “မိုက်မဲသော ဝံပုလွေ”  ပုံပြင်ကိုလည်း တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့အနေဖြင့် ရုပ်ပုံထဲတွင် ဝှက်ထားသည့် မြန်မာအက္ခရာ ၁၀လုံးကို မျက်စိလျင်လျင်ဖြင့် ရှာဖွေနိုင်မည့် “ရုပ်ပုံကားချပ်ထဲတွင် ဝှက်ထားတဲ့ မြန်မာအက္ခရာ ၁၀လုံးကို ရှာဖွေကြည့်ပါ” ဉာဏ်စမ်းနှင့် မိမိပြုလုပ်သော ကောင်းမှုနှင့် မကောင်းမှုတို့၏ အကျိုးကို ပြန်လည်ခံစားရမည်ဖြစ်ကြောင်းကို ဗဟုသုတရဖွယ် ရေးဖွဲ့စပ်ဆိုထားသည့် “တုံ့ပြန်ညီမျှ” ကဗျာတို့ကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် နာမ်စား (pronoun) များအကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ ဆက်လက်လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊      ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ