၂၃- ၁၀- ၂၀၂၁ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၃)၊ အမှတ် (၄၃) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၃)၊ အမှတ်(၄၃)၌ အသက်ကြီး၍ ခန္ဓာကိုယ်အင်အားလျော့နည်းနေသော်လည်း အတွေ့အကြုံရင့်ကျက်ပြီး ဗဟုသုတ ပြည့်ဝသော သူများကို လေးစားသင့်ကြောင်း ပညာပေးတင်ဆက်ထားသည့် “အတွေ့အကြုံ” မျက်နှာဖုံးဇာတ်လမ်း၊ မည်သည့်ကိစ္စမဆို အလွဲလွဲအချော်ချော် လုပ်တတ်သော ဖိုးဇော်အကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “အလွဲများ” နှစ်မျက်နှာကာတွန်း၊ အတွေ့အကြုံရင့်ကျက်သော ငါးကြီး၏ ပြောစကားကို လိုက်နာကျင့်သုံး၍ အသက်ဘေးမှ လွတ်ကင်းသွားသော ငါးများအကြောင်းကို ရေးဖွဲ့ထားသည့် “ပညာရှိသောငါးကြီး” နှစ်မျက်နှာ ကာတွန်း၊ အလုပ်တစ်ခုခုကို လုပ်ဆောင်ရာ၍ တစ်ခါတစ်ရံတွင် အမှားများနှင့်ကြုံတွေ့ရတတ်ပုံနှင့် ထိုကဲ့သို့ ကြုံတွေ့လာပါကလည်း ၎င်းအမှားမျိုး နောင်မဖြစ်စေရန် ဆင်ခြင်သင့်ပုံနှင့် မိမိအမှားကို အကျိုးရှိစေမည့် အခြားနည်းလမ်းတို့ကို ရှာဖွေလုပ်ဆောင်သင့်ကြောင်း ရေးဖွဲ့ထားသည့် “အိမ့်နှစ်” နှစ်မျက်နှာကာတွန်း၊ သစ်ပင် စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရေးဖွဲ့ထားသည့်  “ဖိုးလပြည့်” တစ်မျက်နှာကာတွန်းနှင့် သူ၏ဘကြီးလာပါက ဟင်းကောင်းစားရမည်ဟုတွေးကာ ပျော်ရွှင်နေသော ရန်ပိုင်စိုးအကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ရန်ပိုင်စိုး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

သုတကဏ္ဍတွင် တိုးတက်လာသောခေတ်နှင့်အညီ သုံးစွဲမှုများပြားလာသော ဖုန်းများကို မိမိတို့နှင့် နီးနီးကပ်ကပ် ထားအိပ်ပါက ရရှိလာမည့်ဆိုးကျိုးအချို့ကို ကလေးတို့လိုက်နာနိုင်ရန် ဗဟုသုတရဖွယ် တင်ဆက်ထားသည့် “ဖုန်းကို မိမိအနားမှာထား၍ အိပ်စက်သင့်ပါသလား” သုတဆောင်းပါးကို ထည့်သွင်းဖော်ပြထားပြီး ကလေး များအနေဖြင့် ကျောင်းဖွင့်ရက်အမီ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံသင့်ကြောင်း နှိုးဆော်ထားသည့် နှိုးဆော်ချက် ကြော်ငြာနှင့် ရွှေသွေးဂျာနယ်အထူးထုတ် ၂၀၂၂ တွင် ကလေးလက်ရာ ကာတွန်းများနှင့် စာစီစာကုံးများကို ထည့်သွင်းဖော်ပြနိုင်ရန် ဖိတ်ခေါ်ထားသည့် ကြော်ငြာတို့ကို ထည့်သွင်းဖော်ပြထားပါသည်။ သူတစ်ပါးအပေါ် စိတ်ကောင်းထားကာ ပြုစုလုပ်ကိုင်ပေးပါက မိမိတွင်လည်း ကောင်းကျိုးရရှိနိုင်ပုံကို ပညာပေးရေးဖွဲ့ထားသည့် “ရတနာ” ပုံပြင်နှင့် မိမိပြုလုပ်ခဲ့သည့် ကောင်းကျိုးနှင့် မကောင်းကျိုးတို့၏ အကျိုးဆက်များကို မိမိတို့ကိုယ်တိုင် ခံစားရမည်ဖြစ်ကြောင်းကို ကလေးတို့အတွက် အတုယူဖွယ်တင်ဆက်ထားသည့် “ပန်းပဲဆရာ” ဝတ္ထုတို့ကို တင်ဆက်ထားပါသည်။ ကလေးတို့အနေဖြင့် ရုပ်ပုံထဲတွင်ရှိသည့် အင်္ဂလိပ်အက္ခရာများကို မျက်စိလျင်လျင်ဖြင့် ရှာဖွေနိုင်မည့် “ဖော်ပြပါပုံသုံးပုံမှ တစ်ပုံကို အင်္ဂလိပ်အက္ခရာ ဘယ်နှလုံးစီပါတယ်ဆိုတာကို ရှာကြည့်ကြပါဦးကွယ်” ဉာဏ်စမ်းနှင့် ရေတွက်၍ရသောနာမ်များနှင့် ရေတွက်၍မရသော နာမ်များအကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ တင်ဆက်ထားသည့် “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ” အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍတို့ကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ