“ကေတုမောင်ညိုလင်း” ရေးသားသည့် “စစ်တောင်းမြစ်ကမ်းနံဘေးက လူငယ်ဘဝလေးများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“ကေတုမောင်ညိုလင်း” ရေးသားသည့် “စစ်တောင်းမြစ်ကမ်းနံဘေးက လူငယ်ဘဝလေးများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် ၂ဝ၁၇ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် လူငယ်စာပေ ဒုတိယဆုရစာမူ ဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“စစ်တောင်းမြစ်ကမ်းနံဘေးက လူငယ်ဘဝလေးများ” စာအုပ်တွင် ဝတ္ထုတို (၁၃) ပုဒ်ပါဝင်သည်။ စစ်တောင်းမြစ်ကမ်းနံဘေးရှိ ရွာများတွင် ဆင်းရဲချို့တဲ့စွာ နေထိုင်ကြရသော လူငယ်လေးများ၏ ဘဝရုန်းကန်မှုကို ဖော်ကျူးထားသည့် ဝတ္ထုတိုများဖြစ်သည်။ မိဘများထံမှ  မုန့်ဖိုးပဲဖိုးမရကြသဖြင့် ကျောင်းပိတ်ရက်များတွင် စစ်တောင်းမြစ်ကြီးထဲသို့ ဖောင်ကြိုးပြတ်ကာ မျောလာတတ်သော ထင်း၊ ဝါး၊ သစ်လုံးများကို သက်စွန့်ဆံဖျားဆယ်ယူ၍ သစ်ဆိပ်များသို့ သွားအပ်ပြီး မုန့်ဖိုးရှာကြပုံ၊ ကျွဲကျောင်း၊ နွားကျောင်းလိုက်ကြပုံ၊ ကြွက်ထိုးငါးရှာလုပ်ကြပုံ၊ လူငယ်ပီပီ သူတစ်ပါးထံမှ ဖရဲ၊ သခွား ခိုးစားကြပုံ စသည်များကို ဝတ္ထုတစ်ပုဒ်ချင်းစီအလိုက် ရွှင်ရွှင်သွက်သွက်ရေးဖွဲ့ထားသည်။ ဘဝပေးအခြေအနေအရ ဘဝကြမ်းကြမ်းကို ဖြတ်သန်းနေရသော်လည်း သူတို့၏စိတ်သန္တာန်ဝယ် ကိုယ်ချင်းစာစိတ်၊ သနားညှာတာစိတ်၊ အမှားများကို ကျူးလွန်မိပြီးသည့်နောက် နောင်တတရားနှင့်အတူ အမှန်ကိုခွဲခြား သိမြင်လာစိတ်စသည်တို့ ကိန်းဝပ်လျက်ရှိနေကြောင်း ပေါ်လွင်အောင် ဖော်ပြထားသည်။ လူငယ်တို့၏ ဖြူစင်သောစိတ်၊ ရိုးသားကြိုးစားကာ အရေးကြုံက စုပေါင်းညီညာ ဆောင်ရွက်တတ်ကြသည့် စိတ်တို့ကို အခြေခံကာ ရေးဖွဲ့ထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၁၃ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ