၁၅-၇-၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၂၈)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၂၈)၌ မောင်သီလနှင့် မောင်ဝဏ္ဏတို့ သူငယ်ချင်းနှစ်ယောက်၏ မိတ်ဆွေကောင်း ပီသမှုကြောင့် မျောက်ကြီးယူသွားသော ငွေထုပ်ကို ပြန်လည်ရရှိလိုက်ပုံအကြောင်း ရေးဖွဲ့ထားသည့် “မိတ်ကောင်း ဆွေကောင်း” မျက်နှာဖုံးကာတွန်း၊  မေမေက ကျောင်းမုန့်ဖိုးမပေးသည့်အကြောင်း ရင်းကို နားလည်သဘောပေါက်သွားသော ပုပုအကြောင်း ရေးဖွဲ့ထားသည့် “ပုပုပါဝင်သည့် မေမေ ကျွေးတာပဲ စားတော့မယ်” နှစ်မျက်နှာကာတွန်း၊ အချင်းချင်း တစ်ကိုယ်ကောင်းဆန်ကာ ယုံကြည်မှု မရှိဘဲ သံသယစိတ်ဖြစ်မိရာက ဒုက္ခရောက်ရသော ကြွက်လေးကောင်အကြောင်း ရေးဖွဲ့ထားသည့် “သံသယ” နှစ်မျက်နှာကာတွန်း၊    သူငယ်ချင်းအချင်းချင်း စိတ်ဝမ်းမကွဲကြဘဲ ချစ်ချစ်ခင်ခင်နေကြမည်ဆိုသော ဇော်ကြီး၊ ပဲပဲ နှင့် ဆူးကလေးတို့ သူငယ်ချင်းသုံးယောက်အကြောင်း ရေးဖွဲ့ထားသည့် “ဆူးကလေး- ခွင့်လွှတ်ကျေနပ်လိုက်ပါ” နှစ်မျက်နှာကာတွန်းနှင့် စာအုပ်စာပေများ ဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေကြောင်း သရုပ်ဖော်ထားသည့် “အာတူးရဲ့ စာအုပ်စာပေ လူ့မိတ်ဆွေ” တစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတကဏ္ဍတွင် မြန်မာတို့၏ သမိုင်းတွင် မေ့မရနိုင်သော အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ အကြောင်း ကလေးတို့ ဗဟုသုတဖြစ်ဖွယ် တင်ပြထားပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် ရန်သူ၊ မိတ်ဆွေမခြား အနစ်နာခံခြင်း၊ မေတ္တာထားခြင်းသည် နှစ်ဦးနှစ်ဖက်အတွက် ကောင်းကျိုးချမ်းသာ များ တိုးပွားစေနိုင်ကြောင်း တင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍတွင် ဝင်းလေးနှင့် မောင်ခင်တို့၏ တာဝန်သိစိတ်ကြောင့် ရွာဦးကျောင်းဆရာတော်အပါအဝင် တစ်ရွာလုံး၏ ဂုဏ်ပြုခြင်းခံရပုံ အကြောင်း ရေးဖွဲ့ထားပါသည်။ ထို့ပြင်  ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများ ကို တင်ဆက်ထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ရွှေသွေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရန်အတွက် အသက်စွန့်သွားခဲ့ရသည့် အာဇာနည် ခေါင်းဆောင်ကြီးများကို သားတို့သမီးတို့အနေဖြင့် သတိတရရှိရမည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် ဆရာ မောင်ထည်ဝါ(ပျော်ဘွယ်)၏ “၁၉-ဇူလိုင်”  ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် တစ်ယောက်နှင့် တစ်ယောက် တစ်နေရာရာကို သွားရန် အချိန်းအချက် လုပ်ပြီး ချိန်းဆိုခြင်းအကြောင်းကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူပြောထားသည့် အပြန်အလှန် ပြောဆိုပုံ သင်ခန်းစာသစ်အချို့ကို  ကလေးတို့ လေ့လာနိုင်မည်ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ