“မောင်ယဉ်လှိုင်း (ပျဉ်းမမြိုင်)” ရေးသားသည့် “မြန်မာမှုနယ်မှ ပလ္လင်အလှ” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာစာပေ တတိယဆုရရှိသည့် စာရေးဆရာ မောင်ယဉ်လှိုင်း (ပျဉ်းမမြိုင်) ၏ “မြန်မာမှုနယ်မှ ပလ္လင်အလှ” စာအုပ်ကို ဖြန့်ချိရောင်းချလျက် ရှိသည်။

‘‘မြန်မာမှုနယ်မှ ပလ္လင်အလှ’’ စာအုပ်တွင် လောကအရေး၊ ဓမ္မအရေးနှစ်ခုစလုံးနှင့် ဆက်ဆံ ပတ်သက်နေသော မြန်မာမှုအနုပညာစစ်၊ ရိုးရာအမွေအနှစ်အဖြစ် မြန်မာ့ပလ္လင်များအကြောင်းကို စာပေအထောက်အထား၊ ကျမ်းအကိုးအကားများစွာဖြင့် အခန်းစဉ် (၁၂) ခန်းခွဲကာ မှီငြမ်းပြုစု ထားပါသည်။ ပလ္လင်များကိုဖော်ပြရာ၌ နတ်မင်းတို့ထိုင်သောပလ္လင်ကို ‘‘ဒိဗ္ဗပလ္လင်’’၊ နဂါးမင်းတို့ ထိုင်သောပလ္လင်ကို ‘‘နာဂပလ္လင်’’၊ လူမင်းတို့ထိုင်သောပလ္လင်ကို ‘‘ရာဇပလ္လင်’’၊ တရားဟောဓမ္မ ကထိကထိုင်သောပလ္လင်ကို ‘‘ဓမ္မပလ္လင်’’ စသည်ဖြင့် ပလ္လင်အမျိုးမျိုးကို ဖော်ပြထားပြီး ပလ္လင်တော် ဆိုင်ရာ ဝိဝါဒများ၊ ပလ္လင်နှင့်ကဗျာအဖွဲ့များ၊ ပလ္လင်လှူဒါန်းရခြင်း၏အကျိုးကျေးဇူး၊ ပလ္လင်နှင့် ပတ်သက်သော ထူးခြားသည့်အဖြစ်အပျက်များ၊ စကားပလ္လင်ခံသည်၊ တရားပလ္လင်ခံသည်ဟူသော ပလ္လင်နှင့်ပတ်သက်သည့် ဝေါဟာရများ စသည်ဖြင့် ဝေဝေဆာဆာဖော်ပြထားပါသည်။ ထို့ပြင် ပလ္လင် နှင့်ပတ်သက်သော ပန်းချီများ၊ ဓာတ်ပုံမှတ်တမ်းများနှင့် ကျမ်းကိုးစာရင်းပါ ပြည့်စုံနိုင်သမျှ ပြည့်စုံ အောင် ဖော်ပြထားသည့်အပြင် မြန်မာနိုင်ငံနှင့် မြန်မာတစ်မျိုးသားလုံး၏ မြတ်နိုးဖွယ်ရာ ယဉ်ကျေးမှု နှင့် ရိုးရာဓလေ့ထုံးစံများ မပျောက်ပျက်စေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မာရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက် အောင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အထောက်အကူပြုနိုင်စွမ်းရှိသည့် စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါသည်။    

အဆိုပါစာအုပ်ကို ရောင်းစျေး (၃၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ