ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ်(၂)၌ အချို့သူများအတွက် ရုပ်ဆိုးသည်ဟု ထင်ရသော အရာသည် အခြားတစ်စုံတစ်ယောက် အတွက် အဖိုးထိုက်တန်သောအရာ ဖြစ်နေတတ်သည့်အတွက် အရာရာကို ကိုယ်ချင်းစာစိတ်ဖြင့် ဆုံးဖြတ် ဆောင်ရွက်သင့်ကြောင်း တင်ဆက်ထားသည့် “နန်းတော်ကြီးနဲ့ တဲငယ်လေး” မျက်နှာဖုံးဇာတ်လမ်း၊ သူငယ်ချင်းများနှင့်အတူ ကူညီဝိုင်းဝန်းဆောင်ရွက်လိုစိတ်မရှိ၍ ကပ္ပိယကြီးကျွေးသော မုန့်များကို မစား လိုက်ရသော ချက်ကြီးအကြောင်းကို သရုပ်ဖော်တင်ဆက်ထားသည့် “ရှင်းစရာလေးတွေ” နှစ်မျက်နှာ ကာတွန်း၊ မိမိကိုယ်တိုင် မူးယစ်ဆေးဝါးကို မသုံးစွဲသော်လည်း အပေါင်းအသင်းမှားပေါင်းမိ၍ ဒုက္ခနှင့် ကြုံတွေ့ခဲ့ရသည့် ကပ္ပလီ၏အစ်ကိုအကြောင်းကို တင်ဆက်ထားသည့် “ဝေးဝေးက ရှောင်ပါ” နှစ်မျက်နှာ ကာတွန်း၊ မိမိတတ်ကျွမ်းသော ပညာဖြင့် သူတစ်ပါးဒုက္ခရောက်စေရန် ဆောင်ရွက်မိ၍ မိမိကိုယ်တိုင် ဒုက္ခနှင့် ကြုံတွေ့ရပုံကို ရေးဖွဲ့ထားသည့် “ကိုယ့်အတတ်နဲ့ ကိုယ်” နှစ်မျက်နှာကာတွန်း၊ ပညာသင်ယူချိန် တွင် အတန်းဖော်အချင်းချင်း ချစ်ချစ်ခင်ခင်နေထိုင်ကာ ပညာကို ကြိုးစားသင်ယူရမည်ဖြစ်ကြောင်း တင်ဆက်ထားသည့် ကာတွန်းရန်ကြီးအောင်၏ “ဆုရတီအောင်နဲ့ ကောက်ကောက်” တစ်မျက်နှာ ကာတွန်းနှင့် မြန်မာမုန့်အမည်များကိုပင် မသိဘဲ မြန်မာမုန့်ကြိုက်သည်ဆိုသော ကျော်ဘုအကြောင်းကို တင်ဆက်ထားသည့် ကာတွန်းကျော်ကိုကို၏ “ကျော်ဘုရဲ့ မြန်မာမုန့်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် ခုနစ်ထွေအကတွင် ပါဝင်သော ဝန်အကအကြောင်းကို ဗဟုသုတ ရဖွယ် တင်ဆက်ထားသည့် “ခုနစ်ထွေအက(ဝန်အက)” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ မိခင်ဖြစ်သူဥယျာဉ်သည်မကို ပုဏ္ဏားခြောက်ယောက်ထံတွင် အလှည့်ကျ အလုပ်အကျွေးပြုရသည့် ဒုက္ခမှ ကင်းလွတ်စေရန် ဆောင်ရွက်ပေးခဲ့သော ပညာရှိ သမီးအလိမ္မာအကြောင်းကို ရေးဖွဲ့ထားသည့် “ပညာရှိ သမီးအလိမ္မာ” ပုံပြင်နှင့် ပန်းခြံထဲရှိ လိပ်ပြာလေးများကို လိုက်ဖမ်းရာ လက်တွင် ဒဏ်ရာရရှိသွားရာမှ အသိတရား ရရှိသွားသော ဖိုးဇော်အကြောင်းကို တင်ဆက်ထားသည့် “ဖိုးဇော်လိုချင်တဲ့ လိပ်ပြာလေးတွေ” ဝတ္ထုတို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ပေးထားသော ရုပ်ပုံလေးကို ကလေးတို့စိတ်ကြိုက် အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ဉာဏ်စမ်းကဏ္ဍ၊ ကလေးတို့ပေးပို့ သော ပန်းချီလက်ရာများကို ထည့်သွင်း ဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍနှင့် မူးယစ်ဆေး၏ ဆိုးကျိုးများကို ရေးဖွဲ့တင်ဆက်ထားသည့် “ရှောင်လေဝေးဝေး မူးယစ်ဆေး” ကဗျာတို့ကို တင်ဆက်ထား ပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် သီတင်းပတ် ကုန်ဆုံးရက်တွင် တစ်ခုခုစီစဉ်ထားပါသလားဆိုသည်ကို ပုံစံအမျိုးမျိုးဖြင့် ပြောဆိုပုံကို တင်ဆက်ထားသည့် “ရွှေသွေးစကားဝိုင်း” ကို တင်ဆက်ထားပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။