ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် ၁၂နှစ်အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မတ်လ ၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ်(၉) ၌ လူတော်ဟုဆိုရာတွင် ကိုယ်တစ်ဦးတည်း သိနေ၊ တတ်နေရုံမျှမက မိမိပတ်ဝန်းကျင်ကိုလည်း မိမိကဲ့သို့ပင် သိအောင်၊ တတ်အောင် စွမ်းဆောင်ပေးသင့်ကြောင်း တင်ဆက်ထားသည့် “ပုပုပါဝင်သည့် လူတော်ဆိုတာ” မျက်နှာဖုံးကာတွန်း၊ သားသမီးများသည် မိဘများ သက်ရှိထင်ရှား နေချိန်တွင် မိဘများကို ပြုစုစောင့်ရှောက်တတ်ရမည်ဖြစ်ကြောင်း တင်ဆက်ထားသည့် “မရှိတော့မှ မလွမ်းနဲ့” နှစ်မျက်နှာကာတွန်း၊ ကစားအလွန်မက်သော ဖြိုးရဲသည် မုန့်ဖိုးပိုလိုချင် သောကြောင့် အိမ်အလုပ်များကို ကူလုပ်ပေးပုံအကြောင်း ရေးဖွဲ့ထားသည့် “ဖြိုးရဲ-လိမ္မာတယ်” နှစ်မျက်နှာကာတွန်း၊ အစားအစာကို မဆင်မခြင်မစားဘဲ ကျန်းမာရေးနှင့် ညီညွတ်စေရန် သတိထား ဆင်ခြင်စားသင့်ကြောင်း ရေးဖွဲ့ထားသည့် “ရန်ပိုင်စိုး” နှစ်မျက်နှာကာတွန်း၊ ကာတွန်းအီကွေတာ သရုပ်ဖော်ထားသည့် “ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ” တစ်မျက်နှာကာတွန်းနှင့် မျက်မှန်တွင် မှန် ကျွတ်ထွက်နေသည်ကို သတိမထားမိဘဲ အမြင် ဝေဝါးနေသဖြင့် မျက်စိဆေးခန်းသွားရန် ကြံရွယ်သည့် ဘိုးဘိုးအကြောင်း သရုပ်ဖော်ထားသော “ဘယ်ကျော်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် ဖြတ်ထိုးဉာဏ်သုံး ဂဏန်းသင်္ချာအကြောင်း ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် အကျင့်စရိုက်နှင့် အပြုအမူမတူသူတို့ ပေါင်းသင်းနေထိုင်၍ မရနိုင်ပုံကို ကျားမကြီးနှင့် နွားမကြီးတို့ကို ပမာပြုရေးဖွဲ့ထားပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် ကမ္ဘာတစ်ဝန်းတွင် ကလေးအလုပ်သမားများ ပပျောက်သွားစေလိုသည့် ပြည့်စုံသာ၏ ဆန္ဒကို တင်ဆက်ထားပါသည်။ ထို့ပြင် ဉာဏ်စမ်းကဏ္ဍ၊ ရွှေသွေးတို့လက်ရာကဏ္ဍနှင့် ကျေးဇူးရှင် တောင်သူ ဦးကြီးတို့၏ လယ်ယာလုပ်ငန်းဆောင်ရွက်ချက်များနှင့် မွန်မြတ်လှသော စိတ်ထားများအကြောင်း ရေးဖွဲ့ထားသည့် ဆရာသူရအောင် (ရွှေပြည်သာ)၏ “လယ်ယာချစ်တဲ့ ဦးကြီးများ” ကဗျာကဏ္ဍ တို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အသုံးများသည့် နေ့စဉ်သုံး အင်္ဂလိပ်စကား အသုံးအနှုန်းများနှင့် ပတ်သက်သည့် လေ့ကျင့်ခန်းသစ်ကို ကလေးတို့ လေ့လာမှတ်သား နိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။