ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၇ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ်(၁၇)၌ ကလေးများအနေဖြင့် မိမိတို့၏လုပ်အားကို တန်ဖိုးထားတတ်စေရန် ပုပု၏ နွေရာသီ လုပ်အားပေးခဲ့ပုံကို တင်ဆက်ထားသည့် “ပုပုပါဝင်သည့် မြင့်မြတ်သော အလုပ်” မျက်နှာဖုံးဇာတ်လမ်း၊ အမှိုက်များကို အမှိုက်ပုံနေရာတွင် စနစ်တကျမစွန့်ပစ်ဘဲ မြစ်ထဲသို့ပစ်ချပါက ဖြစ်ပေါ်လာမည့် ဆိုးကျိုး များအကြောင်းကို တင်ဆက်ထားသည့် “ဖိုးလပြည့်” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးအသက်ကို သတ်ဖြတ်ပါက မိမိတွင်လည်း ဒုက္ခနှင့် ကြုံတွေ့နိုင်ပုံကို ရေးဖွဲ့ထားသည့် “ဝဋ်လည်တတ်တယ်” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးကို အနိုင်ကျင့်ပါက မိမိကိုလည်း အနိုင်ကျင့်သူ ပေါ်ပေါက်လာနိုင်ပုံကို ရေးဖွဲ့ထားသည့် “မှတ်ပြီလား” နှစ်မျက်နှာကာတွန်း၊ ကုသိုလ်နှင့် အကုသိုလ်ကို ခွဲခြားသိစေရန် တင်ဆက် ထားသည့် “ပူတင်း- ကုသိုလ်နဲ့ အကုသိုလ်” တစ်မျက်နှာကာတွန်း၊ သူ၏အန်တီကို ကပ်စေးနှဲသည်ဟု ပြောသော သူငယ်ချင်းကို လက်တွေ့သိရှိနိုင်ရန် လုပ်ဆောင်ပေးခဲ့သည့် “ဖိုးတစ်တို” မျက်နှာဝက် ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ငှက်ဖြစ်သော်လည်း အခြားငှက်များကဲ့သို့ ပျံသန်းနိုင်ခြင်းမရှိသော ပင်ဂွင်းငှက် အကြောင်းကို ဗဟုသုတရဖွယ် တင်ဆက်ထားသည့် “မပျံသန်းနိုင်သော ငှက်” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ မိမိလုပ်ဆောင်ရမည့် အလုပ်ကိစ္စအဝဝကို စည်းစနစ်တကျ ဆောင်ရွက် သင့်ကြောင်း တင်ဆက်ထားသည့် “အရည်အချင်း” ဝတ္ထုနှင့် ပြိုင်ပွဲများတွင် ကလေးများအနေဖြင့် အနိုင် ကို လက်ခံနိုင်သကဲ့သို့ အရှုံးကိုလည်း လက်ခံနိုင်စေရန် တင်ဆက်ထားသည့် “ပြိုင်ပွဲဝင် စိတ်ဓာတ်” ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ပန်းချီလက်ရာများကို ဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ပေးထားသောရုပ်ပုံလေးကို ကလေးတို့စိတ်ကြိုက်အရောင်များနှင့် ခြယ်သ နိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြမယ်” ဉာဏ်စမ်းနှင့် မိမိတို့နိုင်ငံ၏ တောတောင်ရေမြေသဘာဝများ သာယာဝပြောပုံကို ရေးဖွဲ့ထားသည့် “မမေ့သင့်ဘူး” ကဗျာတို့ကို တင်ဆက်ထားပါသည်။ သွားနာနေသည့် အတွက် ဆရာဝန်ပြရမည်ကို ကြောက်နေသော သူငယ်ချင်းအား ဆရာဝန်ပြရန် တိုက်တွန်းပြောဆိုပုံ အမျိုးမျိုးကို တင်ဆက်ထားသည့် “Useful Everyday Idioms” အင်္ဂလိပ်စာသင်ခန်းစာကို တင်ဆက် ထားပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။