ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ်(၁၉) ၌ ဝက်ကလေးညိုညို၏ ရိုးသားမှုကြောင့် သူပိုင်ဆိုင်သည့် တောင်းကို ပြန်လည်ရရှိခဲ့သည့် အကြောင်း တင်ဆက်ထားသည့် “အမှန်တရားနဲ့ ရိုးသားခြင်း” မျက်နှာဖုံးကာတွန်း၊ သူတစ်ပါးကို ကူညီတတ်သော တိုးချစ်နှင့် တစ်ပါးသူ ဒုက္ခရောက်အောင် ဆောင်ရွက်လေ့ရှိသော မောင်တူးတို့အကြောင်း တင်ဆက်ထားသည့် “တိုးချစ်နှင့် မောင်တူး” နှစ်မျက်နှာကာတွန်း၊ မြားပစ်ရာတွင် အလယ်ဗဟို ထိမှန်အောင် ဉာဏ်ဆင်ခဲ့သည့် ‘ဘယ်သန်’ အကြောင်း တင်ဆက်ထားသည့် “ဘယ်သန်ရဲ့ ပစ်မှတ်” တစ်မျက်နှာကာတွန်း၊ မိဘများ ယုံကြည်အားကိုးရသည့် သားတစ်ယောက် ဖြစ်စေချင်သည့်အကြောင်း တင်ဆက်ထားသည့် “အလေးထားပါ” နှစ်မျက်နှာကာတွန်း၊ တုတ်တစ်ချောင်းကို သူ့နေရာနှင့် သူ အသုံးချ တတ်သည့် ထူးဇော်အကြောင်း တင်ဆက်ထားသည့် “စဉ်းစားဉာဏ်” နှစ်မျက်နှာကာတွန်းနှင့် ပါးစပ် ထဲတွင် တစ်ခုခုငုံထားလျှင် ရေမသောက်သင့်ကြောင်း ဖခင်၏ အကြံပြုချက်အပေါ် ပြန်လည်မေးခွန်း ထုတ်လိုက်သည့် ကလေးများအကြောင်း တင်ဆက်ထားသည့် “ဖိုးကောက်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
ပင်လယ်ရေမျက်နှာပြင်ထက်သို့တက်၍ နေပူဆာလှုံတတ်သော ငါးအကြောင်း ဗဟု သုတ ဖြစ်ဖွယ်ရေးသားထားသည့် “နေပူဆာလှုံသော ငါး” သုတကဏ္ဍ၊ အားလပ်ချိန်တွင် စာကြည့်တိုက်သို့ စာသွားဖတ်ရန်၊ လူသားတွေ ကြီးပွားစေရန်နှင့် လိမ္မာယဉ်ကျေးအောင် စာပေက လမ်းပြပေးနိုင် သည့်အကြောင်း ရေးဖွဲ့ထားသည့် “စာကြည့်တိုက်” ကဗျာကဏ္ဍ၊ ကျွဲနှင့် နွားများတွင် တွယ်ကပ်နေသော ပိုးမွှားများကို စားသုံးခြင်းဖြင့် လယ်ယာဦးကြီးများကို ကူညီပေးနေသည့် ငှက်အကြောင်း ရေးသား ထားသည့် “ကျွဲကျောင်းဗျိုင်း” ၀တ္ထုကဏ္ဍ၊ လက်မှုပညာတတ်မြောက်သော အဘိုးအိုထံမှ လက်မှုပညာကို သင်ယူကြသည့် လူငယ်နှစ်ဦး၏ ပညာနှင့် စီးပွားဥစ္စာအပေါ် ထားရှိသော ခံယူချက်များ ကွဲပြားကြပုံကို ရေးသားထားသည့် “ပညာရဲ့ တန်ဖိုး” ပုံပြင်ကဏ္ဍနှင့် ဆေးလိပ်၊ ကွမ်းယာ၊ အရက်၊ ဆေးခြောက်နှင့် ဘိန်းဖြူတို့ကို အစမလုပ်မိစေရန်နှင့် ထိုအရာများသည် လူ့အတွက် အဆိပ်တွေသာဖြစ်ကြောင်း ရေးဖွဲ့ ထားသည့် “ရှောင်လေ အစ” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။