၂၇-၇-၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၃၀)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၃၀)၌ မုန်လာဥကို အလွန်ကြိုက်သော ဖိုးနီသည် မုန်လာဥများကို ကိုယ်တိုင်စိုက်ပျိုး စားသောက်ခြင်းက ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ကောင်းစွာ နားလည် သဘောပေါက်သွားပုံအကြောင်း တင်ဆက်ထားသည့် “ဖိုးဖြူနှင့် ဖိုးနီ” မျက်နှာဖုံးကာတွန်း၊ မိဘချင်းက မသင့်မြတ်ကြသော်လည်း အချင်းချင်း သင့်မြတ်အောင် နေကြမည်ဆိုသော ဖားကလေး နှင့် မြွေကလေးတို့အကြောင်း ရေးဖွဲ့ထားသည့် “သူငယ်ချင်း” နှစ်မျက်နှာကာတွန်း၊  ပျားကလေးများ ကို ပန်းရုံတောသို့ လိုက်ပို့ပေးသော လီယိုသည် ပျားကလေးများထံမှ ပျားသလက်ကလေးများကို စားခဲ့ရပုံအကြောင်း ရေးဖွဲ့ထားသည့် “ချိုအေးမွှေး” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်း ပုပုအပေါ် အထင်သေးစွာ ပြောဆိုဆက်ဆံခဲ့သော မိမိ၏ အပြုအမူသည် မှားယွင်းသော လုပ်ရပ်ဖြစ်သည်ကို ကောင်းစွာသဘောပေါက် နားလည်သွားသော ကြီးစိန်အကြောင်း တင်ဆက်ထားသည့် “ပုပုပါဝင် သည့် ခွင့်လွှတ်ပါ သူငယ်ချင်း” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးအပေါ် အနိုင်ကျင့်ရာက မိမိကိုလည်း အနိုင်ကျင့်မည့်သူ ပေါ်ပေါက်လာတတ်ပုံအကြောင်း သရုပ်ဖော်ထားသည့် “အလှည့်” တစ်မျက်နှာ ကာတွန်းနှင့် ခန္ဓာကိုယ်အဆီကျအောင် ရေကူးတိုင်းလည်း အမှန်တကယ် အဆီမကျနိုင်ကြောင်း ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့်  “ဘယ်ကျော်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတကဏ္ဍတွင် အက်ဇတက်လူမျိုးတို့သည် စိုက်ပျိုး‌ရေးလုပ်ငန်းကို တစ်စိုက်မတ်မတ် ကြိုးစားလုပ်ကိုင်ရာက အင်ပါယာတစ်ခုကို တည်ထောင်နိုင်သည်အထိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခဲ့ပုံ အကြောင်း ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် ခြင်္သေ့ကလေးစွမ်းစွမ်း သည် တောစောင့်နတ်မင်းကြီး၏ ကူညီစောင့်ရှောက်မှုဖြင့် ဖခင်ခြင်္သေ့မင်းကြီးထံမှ ခြင်္သေ့တို့ တတ်အပ်သော ပညာများကို အချိန်တိုအတွင်း သင်ကြားတတ်မြောက်ခဲ့ပုံအကြောင်း တင်ဆက်ထား ပါသည်။ ဝတ္ထုကဏ္ဍတွင် ပုချိုနှင့် ညိုကြီးတို့ မောင်နှမနှစ်ယောက်သည် သူတို့နေသော သက်ငယ်မိုး နှင့် အိမ်ကလေးကို တန်ဖိုးထားချစ်မြတ်နိုးသကဲ့သို့ သူတစ်ပါးတို့၏ အိမ်၊ အသိုက်အမြုံ တို့ကို တန်ဖိုးထားချစ်တတ်ရမည်ဖြစ်ကြောင်း သိရှိသွားပုံကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် ရွှေသွေးတို့ လက်ရာကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမည့် ဉာဏ်စမ်းကဏ္ဍနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သည့် သနပ်ခါးအကြောင်း ရေးဖွဲ့ထားသည့် ဆရာ ဌေးကြည် (စလင်း)၏ “ပန်းလိုမွှေးတဲ့ ပါး" ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာ ကဏ္ဍအနေဖြင့် မိမိနေထိုင်သော တိုက်ခန်းတွင် ဖောက်ထွင်းမှုဖြစ်သည့်အတွက် စစ်ဆေးရန် ရောက်လာသော ရဲနှင့် ဖြစ်စဉ်ကို အပြန်အလှန် မေးမြန်းပြောဆိုပုံအကြောင်း အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူ ပြောထား သည့် သင်ခန်းစာသစ်ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ