၃၀-၁၁-၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၄၈)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၄၈)၌ ပန်းတောထဲတွင် မင်းသားလေးနှင့်အတူ ပန်းဘုရင်မအဖြစ် ပျော်ရွှင်စွာ နေထိုင်သွားသော မိန်းကလေးတစ်ဦးအကြောင်း သရုပ်ဖော်ထားသည့် “ပန်းဧကရီ” မျက်နှာဖုံးကာတွန်း၊ မုန့်တစ်ခု ပိုရသော ညီလေးအကြောင်း ဟာသဖြစ်ဖွယ် ရေးဖွဲ့ထား သည့် “ကီးကီ၊ ဂျိုးဂျိုးနဲ့ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်” နှစ်မျက်နှာကာတွန်း၊ တစ်ခုခုကို ပြုလုပ်ရန် ကြံစည်လိုက်တိုင်း လွဲချော်မှုများနှင့်သာ ကြုံရသော မြေခွေးအကြောင်း သရုပ်ဖော်ထားသည့် “ကံခေသူ မြေခွေး” နှစ်မျက်နှာဟာသကာတွန်း၊ ကျေးလက်ယဉ်ကျေးမှုနဲ့ ကျေးလက်တေးသံများကို တန်ဖိုးထားချစ်တတ်ရမည်ဖြစ်ကြောင်း သရုပ်ဖော်ထားသည့် “ရိုးရိုးလေးရဲ့ ကျေးလက်တေးသံ” နှစ်မျက်နှာကာတွန်း၊ မြန်မာစာအရေးအသားတွင် ပဲနှင့် ဘဲ စာလုံးပေါင်းတို့၏ အသုံးအကြောင်း တင်ဆက်ထားသည့် “ပန်ပန်- ပဲနှင့် ဘဲ” တစ်မျက်နှာ ကာတွန်းနှင့် စားပွဲပေါ်က ပန်းအိုးကျကွဲသွားသည်မှာ သူ့ကြောင့် မဟုတ်ကြောင်းကို ဖြေရှင်းချက်ပေးလိုက်သော ဘယ်ကျော်အကြောင်း သရုပ်ဖော်ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတကဏ္ဍအနေဖြင့် ရှေးခေတ် အိဂျစ်နွယ်ဖွားလူမျိုးတစ်စုတို့၏ နေအိမ်ပုံစံအကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားပါသည်။ ဝတ္ထုကဏ္ဍတွင် ဖေဖေနှင့် မေမေတို့၏ အသိပေးလမ်းပြမှု ကြောင့် ပညာရည်ချွန်ဒိုင်းဆုလေးကို တန်ဖိုးထား မြတ်နိုးရန် အသိတရားရသွားသော စတုတ္ထတန်း ကျောင်းသားတစ်ယောက်အကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် မိမိ၏ ပင်ကိုစွမ်းရည်ကို အချိန်ကိုက် ထုတ်သုံးလိုက်နိုင်ရာက အံ့ဩဝမ်းသာ ပီတိဖြစ်ခဲ့ရသော လင်းယုန် ငှက်ပေါက်ကလေးအကြောင်း သရုပ်ဖော်ထားပါသည်။ ထို့ပြင် ရွှေသွေးတို့ကိုယ်တိုင် ပါဝင် ဆောင်ရွက်ရမည့် ဉာဏ်စမ်းကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် ရွှေသွေးတို့လက်ရာကဏ္ဍနှင့် မူကြိုကျောင်းသားကျောင်းသူလေးများသည် ညီညာသော အကအလှများဖြင့် ကဗျာတေးသီချင်းကို ပျော်ရွှင်စွာ သံပြိုင်ရွတ်ဆိုကြပုံအကြောင်း ‌ရေးဖွဲ့ထားသည့် ဆရာ မောင်ခင်မြတ် (ရေနံ့သာ)၏ “မူကြိုကျောင်းသား” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် တိုက်ခန်းကို ပြောင်းရွှေ့လာသူကို အခြား တိုက်ခန်းတွင် နေထိုင်သူက နှုတ်ဆက်ပြီး စကားစမြည် ပြောဆိုပုံအကြောင်း အသုံးအနှုန်း မတူဘဲ အဓိပ္ပာယ်တူပြောထားသည်ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။  
 

အကြံပြုစာ/တိုင်ကြားစာ