လှဆန်း (စိုက်ပညာ) ရေးသားသည့် “စပျစ် စိုက်ပျိုးထုတ်လုပ်မှုနည်းပညာနှင့် သတင်းအချက်အလက်များ” စာအုပ်ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ သုတပဒေသာ(ရိုးရိုးသိပ္ပံနှင့်အသုံးချသိပ္ပံ) တတိယဆုရရှိသည့် စာရေးသူ  လှဆန်း(စိုက်ပညာ)၏ “စပျစ် စိုက်ပျိုးထုတ်လုပ်မှုနည်းပညာနှင့် သတင်းအချက်အလက်များ” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။

“စပျစ်စိုက်ပျိုးထုတ်လုပ်မှုနည်းပညာနှင့်သတင်းအချက်အလက်များ”စာအုပ်သည် မြန်မာနိုင်ငံ၏ စပျစ်စိုက်ပျိုးရေးကို ကောင်းစွာအထောက်အကူပြုစေနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် စပျစ်သီးနှံကို ပြည်ပမှ တင်သွင်းစိုက်ပျိုးထုတ်လုပ်မှု အခြေအနေသည် တည်ငြိမ်မှုမရှိခဲ့ပေ။ စပျစ်မျိုး များပြားစွာရှိလာ ခြင်း၊ စိုက်ပျိုးနည်းစနစ်များစွာ တီထွင်တိုးတက်လာခြင်းများရှိနေသည်။ စပျစ်သီးကို မြန်မာပြည်သူများ စားသုံးမှုများလာနေသည့်အတွက်  စပျစ်စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် စပျစ်စိုက်ပျိုးထုတ်လုပ်မှု ဆိုင်ရာ နည်းပညာများနှင့် ကြုံတွေ့လာရမည့် အခြေအနေများကို လေ့လာသိရှိနိုင်ရေးသည်လည်း လိုအပ်ချက်တစ်ခုဖြစ်ပါသည်။

စာရေးသူသည် စိုက်ပျိုးရေးဝန်ထမ်းအဖြစ် စတင်တာဝန်ထမ်းဆောင်သည်မှ သက်ပြည့်အငြိမ်းစား ယူသည်အထိ စိုက်ပျိုးရေး နယ်ပယ်အသီးသီးတွင် အထူးကြိုးစားကာ ဆောင်ရွက်ခဲ့ပြီး ဥယျာဉ်ခြံသီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးအတွက် စမ်းသပ်လေ့လာမှုများ၊ လက်တွေ့စိုက်ပျိုးထုတ်လုပ်မှုများကိုလည်း ဆောင်ရွက်ခဲ့သူဖြစ်ပါသည်။ သီးနှံစိုက်ကွင်းနှင့် ဥယျာဉ်ခြံမန်နေဂျာ၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန (VFRDC) ၏ စီမံကိန်းဒါရိုက်တာ၊ စိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့် ပညာ‌ပေးရေး ဗဟိုဌာန (CARTC) သင်တန်းကျောင်း၏ ကျောင်းအုပ်ကြီးစသည့် တာဝန်များကိုလည်း အောင်မြင်စွာ ဆောင်ရွက်ခဲ့သူဖြစ်ပါသည်။ ဆည်ပေါက် စပျစ်ခြံကို တာဝန်ယူခဲ့စဉ်က မြန်မာနိုင်ငံရှိ စပျစ် စိုက်ပျိုးထုတ်လုပ်ရေးအတွက် များစွာအကျိုးပြုစေနိုင်မည့် လေ့လာစမ်းသပ်မှုများကို ပြုလုပ်ခဲ့ပြီး လက်တွေ့အသုံးချနိုင်ရေးတို့ကိုလည်း ဆောင်ရွက်ခဲ့သူဖြစ်သည်။

မြန်မာနိုင်ငံအတွင်း စပျစ်စိုက်ပျိုးထုတ်လုပ်ရာတွင် ဒေသအလိုက် ကိုက်ညီနိုင်မည့် စပျစ်မျိုးများ၊ စိုက်ပျိုးရေးစနစ်များနှင့် သတိပြုရန် လိုအပ်မည့်အချက်များအတွက် မှီငြမ်းပြု ကိုးကားစေနိုင်မည့်အပြင် စပျစ်စိုက်ပျိုးရေးကို လေ့လာလိုသူများအတွက်လည်း အထူးအကျိုးပြုစေမည်ဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းစျေး (၄ဝဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ဝ၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ ဝ၉- ၄၄၉၅၄ဝ၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄ဝ၃ဝ၁၈၆ ) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ် များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည် လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ